နွားထိုးကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်းနှစ်ပါးအပါအဝင် လေးဦးဒဏ်ရာရ
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်း (အရှေ့) ရွာမှာ ဇွန်လ ၆ ရက် မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်းနှစ်ပါးနဲ့ လူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-06-07 -
-
-
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်း (အရှေ့) ရွာမှာ ဇွန်လ ၆ ရက် မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်းနှစ်ပါးနဲ့ လူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခံစပ်ကုန်း (အရှေ့) ရွာ ဘုန်းကြီးကျောင်းမှာ သံဃာတော်တွေ ဆွမ်းစားဖို့ ပြင်နေချိန် မနက် ၁၁ နာရီဝန်းကျင်မှာ ဗုံးကြဲခံရတာပါ။ ဒီတိုက်ခိုက်မှုကြောင့် သက်တော် ၈၂ အရွယ် ရဟန်းတစ်ပါးနဲ့ သက်တော် ၃၀ အရွယ် ရဟန်းတစ်ပါး ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်းအနီး နေအိမ်က အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
သက်တော် ၈၂ အရွယ် ရဟန်းက ဒဏ်ရာပြင်းထန်တဲ့အတွက် စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဘုန်းကြီးကျောင်းမှာ ဆွမ်းစားဖို့ ဆွမ်းဝိုင်းထိုင်နေချိန် လေယာဉ်နဲ့ ပေါင်သုံးရာဗုံး လေးလုံးလာချသွားတာ သုံးလုံးကွဲပြီး တစ်လုံးမကွဲဘူး။ အသက် ၈၂ နှစ်အရွယ် ဆရာတော်က ဆီးခုံထိသွားလို့ ဆေးကုနေတယ်။ တခြား ထိခိုက်ဒဏ်ရာရတဲ့သူတွေကတော့ စိုးရိမ်စရာမရှိပါဘူး”
တိုက်ပွဲဖြစ်တာမရှိဘဲ ခံစပ်ကုန်းရွာကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အိမ်ခြေခြောက်ရာကျော်ရှိတဲ့ ခံစပ်ကုန်း (အရှေ့၊ အနောက်) ရွာပါအဝင် ကျေးရွာ ဆယ်ရွာနီးပါးက ဒေသခံ ငါးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦးသေဆုံးခဲ့ပြီး ၃၈၆၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။