ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသူတစ်ဦးအား ခေါ်ဆောင်လာစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို စစ်ကောင်စီက မတ်လ ၁၈ ရက် နေ့လယ်ပိုင်း မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် ကိုတိုးတိုးနဲ့ အသက် ၆၃ နှစ်အရွယ် ဒေါ်ကြည်ဝင်းတို့ သေဆုံးပြီး နောက်ထပ် ဆိပ်ခွန်ရွာက ဦးထွား၊ ဦးတင်နဲ့ မမာလွင်တို့ သုံးဦးဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က နေ့လယ် နှစ်နာရီဝန်းကျင်မှာ စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဉ်တစ်စီးနဲ့ ရွာထဲကို ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"နှစ်နာရီမထိုးခင်လေးပေါ့။ ရဟတ်ယာဉ်နဲ့ပစ်တဲ့အချိန်ပဲ ထိတာဗျ။ သူတို့က မြေပြင်မှာ ထိတွေ့မှုမရှိဘူး။ ဆိပ်ခွန်ရွာထဲကို ပစ်သွားတာ"

အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာမှာ ခရီးသွားနေတာကြောင့် သူမသိရသေးဘူးလို့ ဖြေကြားပါတယ်။

စစ်ကောင်စီတပ်က ဘာကြောင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုတာ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့အထိ သေဆုံးသူ ၃,၁၄၂ ဦး ရှိပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org