ပလက်ဝမြို့နယ် မီးဇာရွာ လေကြောင်းနဲ့ ဗုံးကြဲခံရလို့ ကလေးတွေ အပါအဝင် ရှစ်ဦးဒဏ်ရာရ

ပလက်ဝမြို့နယ်၊ မီးဇာရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ငါးဦး အပါအဝင် ရွာခံရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတူပီမြို့နယ် ဝေးလူရွာကို စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်က တွေ့ရစဉ်။ CDF Matupi

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၊ မီးဇာရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေး ငယ် ငါးဦး အပါအဝင် ရွာခံရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံတွေကတော့ နောက်ထပ် ဗုံးလာကြဲမှာကြောက်ပြီး အခုထိ ပုန်းအောင်းနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ မီးဇာရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာအောက်ဖက်ချောင်းမှာ ကလေးတွေက ရေချိုးကြရင်း ပြန်တက်လာတဲ့အချိန်မှာ၊ အဲဒီမှာ သူတို့ထိတာ။ လူကြီးတွေကျတော့ ပစ္စည်းတွေ သွားယူတဲ့အချိန်မှာ ထိကြတာလို့ ပြောတယ်။ လူကြီးက သုံးယောက်၊ ကလေးတွေက လေးယောက်၊ ငါးယောက်လောက် တော့ ဖြစ်တယ်။ ဒဏ်ရာရသူတွေကတော့ နည်းနည်း စိုးရိမ်ရတဲ့ အနေအထားလို့ ကြားတယ်။ လောလောဆယ်တော့ ကျွန်မတို့ကတော့ လေယာဉ်သံ ကြားတာနဲ့ ကြောက်လို့ ပုန်းနေကြတယ်။ အခုထိ ထပ်လာမှာ ကြောက်တယ်”

ဒဏ်ရာရသူ ရှစ်ဦးကတော့ လက်ရှိ မီးဇာ တိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ လူမှုရေး ဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

မီးဇာရွာဟာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ခဲ့တဲ့ ပလက်ဝ မြို့နယ်၊ တရွန်အိုင်ရွာနဲ့ ခြောက်မိုင်သာ ဝေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက် မနက်ပိုင်းလည်း မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက် ပစ်ခတ်ခဲ့တာကြောင့် မြို့ပေါ်က ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက် ညပိုင်းကလည်း မတူပီမြို့နယ်၊ ဝေလူးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်ရှစ်ဦး အပါအဝင် ဒေသခံ ၁၁ ဦး သေဆုံးခဲ့တယ်လို့ မတူပီမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းအရ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်နေ့အထိ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၄၆ ဦး သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org