မူဆယ်မြို့နယ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရ
မူဆယ်မြို့နယ် စယ်လန့်နဲ့ နမ့်ခွန်ရွာမှာ ဒီဇင်ဘာ ၂ ရက်က လေကြောင်းနဲ့ လက်နက်ကြီးကြောင့် လေးလသားအရွယ် ယောက်ျားလေးတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2023-12-03 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် စယ်လန့်နဲ့ နမ့်ခွန်ရွာမှာ ဒီဇင်ဘာလ ၂ ရက် မနေ့က လေကြောင်းနဲ့ လက်နက်ကြီးကြောင့် လေးလသားအရွယ် ယောက်ျားလေးတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
နမ့်ခွန်ရွာမှာ မနေ့က စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်အဖွဲ့တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အဲဒီရွာမှာနေထိုင်တဲ့ လေးလသားအရွယ် ကလေးတစ်ဦး Drop Bomb ဗုံးထိမှန်သေဆုံးခဲ့သလို မိခင်ဖြစ်သူလည်း ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ညနေ မှောင်ကာစအချိန် စစ်တပ်က စစ်ကြောင်းတိုက်ခိုက်ခံရတာ။ အဲလိုအတိုက်ခံရပြီး အပေါ်ကနေ ဗုံးကျလာတာ။ ဗုံးက ကလေးကိုသွားထိတော့ ပွဲချင်းပြီးသေတယ်။ မိခင်ကတော့ ဒဏ်ရာရလို့ ဆေးကုနေတယ်”
အဲဒီ Drop Bomb ကို ဘယ်အဖွဲ့က ပစ်တာလဲဆိုတာတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂ ရက်နေ့ညမှာပဲ မူဆယ်မြို့အနီးက စယ်လန့်ရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့လို့ အရပ်သားသုံးဦး ဒဏ်ရာရခဲ့ပြီး နေအိမ်ခုနစ်လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေရာမှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မူဆယ်မြို့နယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနီးမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ တာကြောင့် ဒေသခံလေးရာခန့် မူဆယ်မြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းသုံးခုမှာ နေထိုင်ကြရပြီး စာနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီဇင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၇ ရက်ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားရှစ်ဆယ်သေဆုံးခဲ့ပြီး နောက်ထပ်အရပ်သား ၁၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ပြောပါတယ်။