ယင်းမာပင်က ယာယီစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာအနီးက ရပ်မိရပ်ဖတွေက ယာယီဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို စစ်တပ်က စက်တင်ဘာ ၁၀ ရက် မနေ့ နေ့လယ်မှာ လေယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာအနီးတွင် ယာယီဖွင့်လှစ်ထားသည့် ယာယီစာသင်ကျောင်းကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့စဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာအနီးက ရပ်မိရပ်ဖတွေက ယာယီဖွင့်လှစ် ထားတဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၀ ရက် မနေ့ နေ့လယ်မှာ လေယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္ဂနွေနေ့ဖြစ်လို့ စာသင်ကျောင်းမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ မရှိပေမယ့် စာသင်ကျောင်းအနီးက အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး လက်မောင်းနဲ့ ရင်ဘတ်ကို ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီစာသင်ကျောင်းမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဆရာ၊ ဆရာမတွေက ကပိုင်ရွာနဲ့ ပွင့်ကြီးရွာက ကျောင်းသား ၂၀၀ နီးပါးကို ပြန်လည်သင်ကြား ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအဆောက်အအုံနဲ့ အမိုးအကာ တွေ ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အသက်၂၀အရွယ် လူငယ်လေးကတော့ သွေးပြန်ကြောကို ထိသွားတော့၊ မနည်း သွေးတိတ်အောင် လုပ်ပြီး ကုထားရတယ်။ ကြီးကြီးမားမား ထိတာ မဟုတ်ပေမယ့် သွေးပြန်ကြောဆိုတော့ အသက်အန္တရာယ် က စိုးရိမ်စရာ ဖြစ်သွားတာပေါ့။ Mi-35နဲ့ လာပစ်သွားတာ၊ မိနစ်နှစ်ဆယ်၊ နာရီဝက် နီးပါးကြာတယ်၊ ကျောင်းဆိုတာကလည်း ရစရာကို မရှိတော့တာ"

ရွာအနီး တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်တာလို့ သူက ပြောပါတယ်။

လူဦးရေ ခြောက်ရာနီးပါး နေထိုင်တဲ့ ကပိုင်ရွာနဲ့ လူ ရှစ်ရာကျော်နေထိုင်တဲ့ ပွင့်ကြီးရွာတွေဟာ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် မကြာခဏ ထွက်ပြေးရတဲ့ ရွာတွေဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်း ထုတ်ပြန်တာ မရှိသေးသလို စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု အကာကွယ်ပေးရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့  (GCPEA) ရဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု အဆိုးဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA)ရဲ့ စာရင်းတွေ အရလည်း စစ်အာဏာသိမ်းပြီးနောက် လူဦးရေ ၁ ဒသမ ၆ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org