တပ်မတော်ရဲ့ ရှောင်တခင်စစ်ဆေးမှုကို လက်ခံဖို့ အမ်းအုပ်ချုပ်ရေးအဖွဲ့ ကြေညာ
ရခိုင်ပြည်နယ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ အမ်းမြို့နယ်မှာ တပ်မတော်က လုံခြုံရေးအရ ရှောင်တခင်စစ်ဆေးလာရင် ထွက်မပြေးဘဲစစ်ဆေးခံဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်အချို့မှာ ကြေညာထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
-
2019-09-05 -

ဒီအသိပေးချက်ကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကြိုတင်ဖြန့်ဝေပေးထားပြီး မနေ့ကတော့ အမ်းမြို့လေယာဉ်ကွင်းရပ်ကွက်မှာ လှည့်လည်ကြေညာခဲ့တာဖြစ်တယ်လို့ ရပ်ကွက်မှာနေထိုင်သူတွေက ပြောဆိုကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘခင်ကို RFA က ဆက်သွယ်ခဲ့ရာမှာ တရားဝင်ထုတ်ဖော်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။
အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ကို ဆက်သွယ်မေးမြန်းရာမှာလည်း အဲဒီလိုကြေငြာတာမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
သြဂုတ်လ ၂၇ ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်လက်မှတ်ရေးထိုးပြီး ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဖြန့်ဝေထားတဲ့ စာတစ်စောင်ကို RFA က သီးသန့်ရရှိထားပြီး အဲဒီစာထဲမှာ တပ်မတော်၊ တပ်နယ်တွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးတဲ့အပေါ် စစ်ဆေးမခံတာ၊ ထွက်ပြေးတာတွေမလုပ်ရအောင် ပြည်သူတွေကို ကြိုတင်အသိပေးရမယ်လို့ပါရှိပါတယ်။
ရခိုင်ပြည်နယ် တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့တိုက်ပွဲတွေဟာ အမ်းမြို့နယ် အထိကျယ်ပြန့်လာပြီးနောက် အခုလိုရှောင်တခင်စစ်ဆေးမှုတွေရှိနေတာလို့ ဒေသခံတွေကပြောပါတယ်။