Eleven Media အမှုဆောင်အရာရှိချုပ်နဲ့ အယ်ဒီတာချုပ်တို့ကို လွှတ်ပေးဖို့ ANN တောင်းဆို

Eleven Media အမှုဆောင်အရာရှိချုပ် ဦးသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို လွှတ်ပေးဖို့ ANN –Asian News Network ခေါ် အာရှ သတင်းကွန်ရက်က စနေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင် ကို တာမွေမြို့နယ် တရားရုံးမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

Eleven Media အမှုဆောင်အရာရှိချုပ် ဦးသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို လွှတ်ပေးဖို့ ANN –Asian News Network ခေါ် အာရှသတင်းကွန်ရက်က စနေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့ထုတ် Eleven သတင်းစာမှာ ဒေါ်လာတစ်သိန်းဝန်းကျင်တန်တဲ့ နာရီတစ်လုံးကို ရန်ကုန်မြို့သစ် စီမံကိန်း လုပ်ကိုင်ခွင့်ရသွားတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်က ဝန်ကြီးချုပ်ကို ပေး ခဲ့ကြောင်းနဲ့ အဲဒီနာရီပေးသူဟာ မူးယစ်ဆေးဝါးအမှုနဲ့ မကြာသေးခင်ကမှ ထောင်ကထွက်လာ သူဖြစ်ကြောင်း ဖေါ်ပြခဲ့ပါတယ်။

အဲဒီဆောင်းပါးကို အင်္ဂလိပ်လိုဘာသာပြန်ပြီး ANN အာရှသတင်းကွန်ရက်အဖွဲ့ဝင် တခြားသတင်းစာ အများအပြား က ဖေါ်ပြခဲ့တယ်လို့ သိရပါတယ်။ ANN အဖွဲ့မှာ Eleven Media Group နဲ့အတူ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား စင်္ကာပူစတဲ့ အာရှနိုင်ငံ ၁၈ ခုက သတင်းမီဒီယာဌာန ၂ဝ ပါဝင်ပါတယ်။

အထက်ပါရေးသားမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ကို ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် ဖမ်းဆီးထားတာဖြစ်ပါတယ်။ ANN အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာအစိုးရအနေနဲ့ အဲဒီ ဥပဒေကို သတင်းလွတ်လပ်ခွင့်ထိန်းချုပ်ရန် သုံးစွဲခြင်းမပြုဖို့ တာဝန်ရှိကြောင်း ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org