အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA တိုက်ခိုက်

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို ဧပြီ ၉ ရက်နေ့ကစလို့ ရက္ခိုင့်တပ်တော် (AA) က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ် တောင်ရှည်တောင်ဗျူဟာကုန်း တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။ AA Info Desk

ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို ဧပြီလ ၉ ရက်နေ့ကစလို့ ရက္ခိုင့်တပ်တော် (AA) က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဧပြီလ ၁၀ ရက် မနေ့ကလည်း ဆက်လက်တိုက်ခိုက်ခဲ့ပြီး စစ်ဌာနချုပ်ကို AA က ၀ိုင်းဝန်းပိတ်ဆို့ထားတယ်လို့ အမ်းမြို့ခံတစ်ဦးက ပြောပါတယ်။

“အခုအမ်းမှာက တိုက်ပွဲအတော်ပြင်းထန်နေပါတယ်။ မနေ့ကလည်း အတော်ပြင်းထန်တယ်။ AA က နပခ နဲ့ မြို့အနီးက စခန်းလေးခုကို တစ်ပြိုင်တည်း တိုက်ခိုက်တာပါ။ နပခကိုတော့ ဝင်တော့မတိုက်သေးဘူး။ အခုဝိုင်းထားတယ်ပြီးရင် လက်နက်ကြီးတွေနဲ့ နေ့တိုင်းလှမ်းပစ်နေတယ်”

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကိုဆက်သွယ်ထားတဲ့ ပဒါန်း-အမ်းလမ်းကိုလည်း ပိတ်ထားကြောင်း AA က ကြေညာထားပြီးလက်ရှိမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၊ အမှတ်(၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ နတ်စင်တောင်၊ တောဟိန်းတောင်ဗျူဟာနဲ့ မြို့နယ်မီးသတ်ဦးစီးဌာနရုံးတို့ကို တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေနဲ့ ခုခံနေပြီး အမ်းမြို့အနီးမှာရှိတဲ့ ရွာပေါင်း ၃၀ လောက်က ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ် ဒေသခံတွေက ပြောပါတယ်။

အမ်းမြို့ပေါ်မှာတော့ မြို့စစ်ကောင်စီတပ်က ပိတ်ဆို့ထားသလို လမ်းတွေကိုလည်း ဖျက်ဆီးထားတာကြောင့် မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်လို့မရဘဲ မြို့ပေါ်မှာ ပိတ်မိနေကြတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ AA ပြောခွင့်ရ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို ဆက်သွယ်မေးမြန်းထားပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲငါးလနီးပါးအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝ စတဲ့မြို့နယ်ကိုးခုကို (AA) က သိမ်းပိုက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org