အမ်း နပခဌာနချုပ်က စစ်ကောင်စီတပ်သားတွေ လက်နက်ချတဲ့ ဗီဒီယိုရုပ်သံ AA ထုတ်ပြန်

ရခိုင်ပြည်နယ် အမ်းမြို့က နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ နပခဌာနချုပ်အတွင်းကနေ စစ်ကောင်စီတပ်သားအများအပြား လက်နက်ချတဲ့ ရုပ်သံဖိုင်ကို AA က ဒီဇင်ဘာ ၁၆ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

အမ်းမြို့ နပခဌာနချုပ်မှ စစ်ကောင်စီတပ်သားများ လက်နက်ချထွက်လာသည့် ရုပ်သံဖိုင်ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။ Screenshot from AA Info Desk Video

ရခိုင်ပြည်နယ် အမ်းမြို့က နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အတွင်းကနေ စစ်ကောင်စီတပ်သားအများအပြား လက်နက်ချတဲ့ ရုပ်သံဖိုင်ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၁၆ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီတပ်သားအများအပြား လက်နက်ချပေမဲ့ ဒီဇင်ဘာလ ၁၇ ရက် ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေသလို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတယ်လို့ စစ်ရေး အခြေအနေကို သိရှိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက်ကပေါ့၊ ဂျက်ဖိုက်တာ နှစ်စင်းရယ်၊ Y-8 ရယ်၊ Y-12 ရယ်၊ စုံနေတာပဲ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေလည်း ပါတယ်”

လက်နက်ချလာသူတွေဟာ လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကလို့ AA က ပြောထားပြီး အရေအတွက်နဲ့ ကျန်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။

ရုပ်သံဖိုင်ထဲမှာတော့ အလံဖြူထောင်ပြီး တန်းစီထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရပြီး ဒဏ်ရာရသူတွေလည်း ပါဝင်လာပါတယ်။ အာရက္ခတပ်တော် (AA) နဲ့ နီးစပ်တဲ့ ဒေသခံအချို့ကတော့ မနေ့က တစ်ရက်တည်းမှာတင် စစ်ကောင်စီတပ်သား နှစ်ရာခန့် လက်နက်ချလာပြီး ဒီရက်ပိုင်းအတွင်း လက်နက်ချသူ သုံးရာခန့် ရှိလာတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကတော့ နပခဌာနချုပ်ကို မကြာခင် သိမ်းပိုက်နိုင်တော့မယ်လို့ RFA ကို မနေ့က ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့ထဲ ၁၂ မြို့နယ်ကို AA သိမ်းပိုက်ထိန်းချုပ်ထားပြီး အမ်းနဲ့ ဂွမှာ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org