အမ်းမှာ စစ်ဘေးဒုက္ခသည်သောင်းနဲ့ချီ အရေးပေါ်အကူအညီလိုအပ်နေ

စစ်ဘေးဒုက္ခသည်တွေမှာ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အမိုးအကာနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ အပါအဝင် အသုံးအဆောင်ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ အကူအညီလိုအပ်နေသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က HDCO အဖွဲ့မှ ထုတ်ပြန်ထားသည့်ပုံ။ HDCO

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး စစ်ကောင်စီနဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီ တိုးနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဒီဇင်ဘာ ၂ဝ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လတ်တလော စစ်ဘေးဒုက္ခသည်တွေမှာ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အမိုးအကာနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ အပါအဝင် အသုံးအဆောင်ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ နေရာအတည်တကျမရှိဘဲ မြေကွက်လပ်တွေမှာ ယာယီတဲထိုးပြီး စစ်ဘေးရှောင်နေရတာကြောင့် အမိုးအကာလည်း အရေးတကြီးလိုနေတယ်လို့ ဆိုပါတယ်။ စစ်ဘေးဒုက္ခသည် အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာတော့ ထည့်သွင်းထုတ်ပြန်တာ မရှိပါဘူး။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး အခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့အထိ HDCO စာရင်းတွေအရ အမ်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၁၃ ယောက် သေဆုံးခဲ့ပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ကသိမ်းယူလိုက်ပြီးနောက် မြို့ကိုထိန်းချုပ်လိုက်ပြီလို့ AA က ထုတ်ပြန်ကြေညာထားပါတယ်။

တစ်နိုင်ငံလုံးမှာ စစ်ဘေးဒုက္ခသည် လေးသန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ၂၀၂၄ ဒီဇင်ဘာ ၂ ရက်စာရင်းမှာ ဖော်ပြထားပါတယ်။

အဲဒီစာရင်းအရ စစ်ကိုင်းတိုင်းမှာ တစ်သန်း နှစ်သိန်းကျော်နဲ့ ပထမ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ငါးသိန်းကျော်နဲ့ ဒုတိယအများဆုံးဖြစ်သလို မကွေးတိုင်းမှာ နှစ်သိန်းခွဲကျော်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။ ကရင်နဲ့ ကချင်ပြည်နယ်မှာ နှစ်သိန်းကျော်စီ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org