မဟာမိတ်အဖွဲ့တွေနဲ့ ချိတ်ဆက်မှု ရပ်ဆိုင်းထားဖို့ ရခိုင်အမျိုးသားပါတီ ဆုံးဖြတ်

လာမယ့် ၂၀၁၅ ခုနှစ် ဧပြီလမှာ ကျင်းပဖို့ ရည်မှန်းထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုကော်မတီ အစည်းအဝေးမတိုင်မီ တိုင်းရင်းသားမဟာ မိတ်အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ လုပ်ငန်းအားလုံး ကို ရပ်ဆိုင်းထားမယ်လို့ ဆုံးဖြတ်လိုက်ကြောင်း ရခိုင် အမျိုးသားပါတီက ဒီနေ့ ကြေညာလိုက်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပုံ Photo: Myo thant Khaing/RFA

လာမယ့် ၂၀၁၅ ခုနှစ် ဧပြီလမှာ ကျင်းပဖို့ ရည်မှန်းထား တဲ့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုကော်မတီ အစည်း အဝေးမတိုင်မီ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားမယ်လို့ ဆုံးဖြတ်လိုက်ကြောင်း ရခိုင် အမျိုးသားပါတီက ဒီနေ့ ကြေညာလိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂ ရက်ကြာကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ရခိုင်အမျိုးသားပါတီ ANP ဗဟို အလုပ်အမူဆောင် ကော်မတီအစည်းအဝေးကနေ အခုလို ဆုံးဖြတ်လိုက်တာလို့ ဒေါက်တာအေးမောင် က ပြောပါတယ်။

"တိုင်းရင်းသားများနဲ့ ချိတ်ဆက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ မတိုင်ခင်တုန်းက RNDP ဆိုတာရှိခဲ့တယ်၊ နောက် UNA နဲ့ချိတ်ဆက်တဲ့ ALD ဆိုတာရှိတာပေါ့၊ ကိုယ့်အခြမ်း သူ့အခြမ်းလေးက မဟာမိတ်ချိတ်ဆက်မှုမရှိခဲ့ဘူး၊ ဒါနဲ့ပတ် သက်လို့ ညီနောင်တိုင်းရင်းသားများပါတီ ဘက်ကလည်း ကျနော်တို့ကို ပြတ်ပြတ်သားသားတစ်ခု ပြောပါဆိုတဲ့ သဘောနဲ့ တောင်းဆိုတာ၊ တနည်းအားဖြင့် ဗဟိုကော်မတီအစည်းအဝေးကိုတော့ဖြင့် ကျနော်တို့ ၂ဝ၁၅ ဧပြီ လလောက်ကို မှန်းပါတယ်၊ အဲ့ဒီကာလအထိ ကျနော်တို့က မဟာမိတ်ချိတ်ဆက်မှုအားလုံးကို ရပ်တန့်ထား ပါတယ်၊ တနည်းအားဖြင့် ကျနော်တို့က ဆိုင်ငံ့ထားတဲ့သဘောပါ"

ANP ပါတီအဖြစ် မပူးပေါင်းခင် RNDP  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာ ညီနောင်တိုင်းရင်းသားများ ပါတီ NBF နဲ့ မဟာမိတ်ဖြစ်သလို ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့UNA နဲ့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

လာမယ့် ၂၀၁၅ ခုနှစ် ဧပြီလမှာ ကျင်းပမယ့် ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်အမူဆောင် အစည်းအဝေးမှာ ဘယ်တိုင်းရင်းသားမဟာမိတ်အဖွဲ့နဲ့ လက်တွဲသွားမယ်ဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆက်သွယ်ဆောင်ရွက်မူတွေဟာ ပါတီရဲ့မူဝါဒ မဟုတ်ဘူးလို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ ရခိုင်အမျိုးသားပါတီ ANP ဟာ RNDP  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။

အခုတကြိမ်ကျင်းပတဲ့ ရခိုင်အမျိုးသားပါတီ ANP  ဗဟိုအလုပ်အမူဆောင်ကော်မတီ အစည်းအဝေးကို အဖွဲ့ဝင် ၃၉ ဦးထဲက ၂၂ ဦးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့အစည်းအဝေးကနေ လာမယ့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပဖို့သတ်မှတ်ထား တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ပါတီရဲ့အခြေခံ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ဆုံးဖြတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org