ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိစ္စ ဒေသခံတွေနဲ့ ANP ပါတီ တွေ့ဆုံမည်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ သဘောထားအတိုင်း ကြိုးပမ်းသွားမယ်လို့ ရခိုင်အမျိုးသားပါတီ ANP က ဒီနေ့ သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေး သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၈ နိုဝင်ဘာလ ၈ ရက်နေ့က နေပြည်တော်မှာကျင်းပစဉ် Photo: Win Ko Ko Latt/RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ သဘောထားအတိုင်း ကြိုးပမ်းသွားမယ်လို့ ရခိုင်အမျိုးသားပါတီ ANP က ဒီနေ့ သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်နဲ့ ပတ်သက်ပြီး နေပြည်တော် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ မြန်မာနဲ့ တရုတ်နိုင်ငံတို့ မနေ့က သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့နောက် ဒီနေ့ကြေညာချက်ကို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယဥက္ကဌ ဒေါ်အေးနုစိန်က ဒီကြေညာချက်ထုတ်ပြန်တာနဲ့ ပတ်သက်လို့ RFA ကို အခုလို ပြောပါတယ်။

"ပွင့်လင်းမြင်သာမှုအပိုင်းကတော့ ကျမတို့လိုတာဝန်ရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ မှာတောင်မှ မသိရတဲ့အနေအထားက ပကတိအနေအထားပါပဲဆိုတော့ ဒီအကျိုးစီးပွားဆိုရင်လည်း ထိခိုက်နိုင် တယ်ဆိုတဲ့ အနေအထားကို ဖော်ပြနေပါတယ်။ ဒါကြောင့် ကျမတို့ပါတီကတော့ ကိုယ့်အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်တဲ့နေရာမှာ ထိခိုက်နိုင်တဲ့အနေအထားတွေကို ဘယ်လိုအချိန်မီကာကွယ်ပြီးတော့ ကုစားကြမလဲ၊ ဒါပြည်သူ့အားပဲဆိုတဲ့ခံယူချက်နဲ့ ကျမတို့ ဒီသဘောထားကို ထုတ်ရတာဖြစ်ပါတယ်"

ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက အလေးထားစောင့်ကြည့်နေတယ်လို့ ပါတီရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့သဘောထားကိုရယူနိုင်ဖို့အတွက် ကျောက်ဖြူမြို့မှာ အရပ်ဘက်အဖွဲ့ အစည်းတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို မနက်ဖြန်ကျင်းပဖို့ ရခိုင်အမျိုးသားပါတီက ဖိတ်စာတွေ ဖြန့်ဝေထားပါတယ်။

မြန်မာအစိုးရနဲ့ တရုတ်အစိုးရတို့အကြား ရေနက်ဆိပ်ကမ်းစီမံကိန်းမူဘောင်ကို သဘောတူလက်မှတ် ရေးထိုးကြတဲ့ အဆင့်ထိရောက်ရှိလာပြီဖြစ်ပေမယ့် ဒေသခံတွေရဲ့ထိခိုက်နစ်နာမှုကို ဘယ်လိုပြင်ဆင်ထားလဲဆိုတာ ဒီနေ့အထိ မသိရတဲ့အတွက် စိုးရိမ်မှုတွေရှိနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ညှိနှိုင်းရေးမှူး ဦးထွန်းကြည်က အခုလိုပြော ပါတယ်။

"ဒီဘက်အစိုးရလက်ထက်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ဆက်စပ်ပြီးတော့ ဒေသခံတွေနဲ့ လာပြီးတော့ တွေ့ဆုံဆွေးနွေးတာ မတွေ့ရဘူး။ နောက်တစ်ခုက အခုဒီစီမံကိန်းကို လက်မှတ်ထိုးပြီဆိုလို့ရှိရင် အစိုးရဘက်နဲ့ ကုမ္ပဏီဘက်က တိုက်ရိုက်ထိခိုက်နစ်နာမယ့် ရေလုပ်သားတွေရဲ့အရေးကို သူတို့ဘယ်လိုပြင်ဆင် ထားတယ်ဆိုတာ တိတိကျကျမသိရတဲ့အတွက် ဒီဘက်မှာတော့ စိုးရိမ်မှုတွေရှိနေကြပါတယ်ခင်ဗျ"

ဒေသခံတွေနဲ့ဖွဲ့စည်းထားတဲ့ ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းက 'ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ' လို့ အမည်ပေးထားတဲ့ အစီရင်ခံစာတစ်စောင်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးထက် တရုတ်နိုင်ငံအတွက် စစ်ရေးအရရောအရပ်ဘက်ဆိုင်ရာမှာပါ အဓိကအသုံးချနိုင်မယ့် စီမံကိန်းဖြစ်နေတာကို တွေ့ရတယ်လို့ ရေးသားခဲ့ပါတယ်။

ကျောက်ဖြူဒေသခံတွေနဲ့ ရခိုင်အမျိုးသားထုတစ်ရပ်လုံးဟာ အထူးစီးပွားရေးဇုန်ဆိုင်ရာနဲ့ စပ်လျဉ်းတဲ့ သတင်းအချက် အလက်တွေကို ပွင့်လင်းမြင်သာစွာသိခွင့်ရရှိရေး၊ ဒေသခံရခိုင်ပြည်သူတွေနဲ့ ရခိုင်အမျိုးသားထုရဲ့အကျိုးစီးပွားကို မထိခိုက်မနစ်နာစေရေးအတွက် အလေးထားစောင့်ကြည့်နေတယ်လို့ ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျောက်ဖြူမြို့နယ် ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သဘောထားရယူနိုင်ဖို့ ကျောက်ဖြူမြို့နယ် ရခိုင်အမျိုးသားပါတီကို တာဝန်ပေးအပ်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းကို လာမယ့် ၂၀၁၉ ခုနှစ်မှာ အကောင်အထည်ဖော်သွားမှာဖြစ်ပြီး စီမံကိန်းမူဘောင်ကို မြန်မာနဲ့ တရုတ်နိုင်ငံတို့ နေပြည်တော်မှာ မနေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ဒေသခံပြည်သူလူထုကိုအကျိုးပြုမယ့် ရင်းနှီးမြှုပ်နှံမှု မူဝါဒနဲ့ဥပဒေတွေကို ပြဌာန်းပြီးမှသာ စီမံကိန်းကို အကောင် အထည်ဖော်သင့်သလို ဒေသခံတွေ မိရိုးဖလာယဉ်ကျေးမှုအရ လုပ်ကိုင်စားသောက်လာတဲ့ တောတောင်နဲ့ စားကျက်မြေတွေကို ပိုင်ဆိုင်ခွင့်ပေးဖို့၊  စီမံကိန်းကနေရရှိတဲ့ ဘဏ္ဍာငွေတွေကို ပြည်သူကိုပွင့်လင်းမြင်သာစွာ အသိပေးထုတ်ပြန်ပြီး တိုက်ရိုက်ထိခိုက်နစ်နာတဲ့ဒေသအတွက် သီးသန့်မူဝါဒတစ်ခုထားရှိဖို့ စတဲ့အချက် ၁၀ ချက်လောက်ကို အစီရင်ခံစာမှာ အကြံပြုတိုက်တွန်းခဲ့ပါတယ်။

အစိုးရအနေနဲ့ ဒေသခံတွေ ပြုစုထုတ်ပြန်တဲ့ ဒီအစီရင်ခံစာအပေါ်မှာ ဒီနေ့အထိ အလေးထားတာ မတွေ့ရဘူးလို့ ဦးထွန်းကြည်ကပြောပါတယ်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းမစတင်မီက ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိမယ်လို့ပြောဆို ခဲ့ကြပေမယ့် လက်တွေ့မှာ အပြောအတိုင်းဖြစ်မလာသလို မြေယာဆုံးရှုံးမှုနဲ့အခွင့်အရေးချိုးဖောက်မှုတွေသာ ကြုံတွေ့ခဲ့ကြရတာကြောင့် အခုအကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်းအပေါ်မှာလည်း ဒေသခံတွေက သံသယဖြစ်နေကြတာပါ။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို လာမယ့်နှစ်မှာစတင်နိုင်ဖို့ ရည်မှန်းထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုအနေနဲ့ တရုတ်နိုင်ငံက ၇၀ ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းပါဝင်မှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံနဲ့ စတင်မှာဖြစ်ပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org