လက်နက်ကိုင်တော်လှန်ရေးထောက်ခံတဲ့အမြင် ပိုများလာကြောင်း ANP ပါတီပြော

ရခိုင်ပြည်နယ်အတွင်း အမျိုးသားအကျိုးစီးပွားအတွက် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရဘဲ လက်နက်ကိုင်တော်လှန်ရေးနည်းက ပိုထိရောက်တယ်ဆိုတဲ့ အမြင်မျိုးတွေ ရှိလာတဲ့အပေါ် စိုးရိမ်ကြောင်း ရခိုင်အမျိုးသားပါတီက ပြောလိုက်ပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော် ကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်အတွင်းက ဒေသခံအများစုက အမျိုးသားအကျိုးအစီးပွားအတွက် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရဘဲ လက်နက်ကိုင်တော်လှန်ရေးနည်းက ပိုထိရောက်တယ်ဆိုတဲ့ အမြင်မျိုးတွေရှိလာတဲ့အပေါ် ရခိုင်အမျိုးသားပါတီ အနေနဲ့ စိုးရိမ်ချက်တွေရှိလာတယ်လို့ ပါတီရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော် က ပြောပါတယ်။

စစ်တွေမြို့က ရခိုင်အမျိုးသားပါတီရုံးမှာ RFA သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံရာမှာပြောခဲ့တာပါ။

အထူးသဖြင့် လူငယ်တွေကြားမှာ နိုင်ငံရေးပါတီဝင်ပြီး အမျိုးသားအကျိုးစီးပွားအတွက် အစိုးရထံ ညှိနှိုင်းတောင်း ဆိုနိုင်တယ်ဆိုတဲ့စိတ်ထက် လက်နက်ကိုင်ပြီးတိုက်ပွဲဝင်မယ်ဆိုတဲ့ အတွေးအခေါ်တွေရှိလာတာဟာ ရခိုင်လူထု အတွက် ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ မြင်တယ်လို့ သူကပြောပါတယ်။

ရခိုင်လူထုကြား အခုလိုအမြင်တွေ ပျောက်ဖို့အတွက် တာဝန်ရှိတဲ့ အစိုးရအနေနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို အလျင်အမြန်အကောင်အထည်ဖော်ဖို့လိုကြောင်းနဲ့ ရခိုင်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ အနေနဲ့လည်း တိုက်ပွဲတွေရပ်စဲပြီး နိုင်ငံရေးနည်းနဲ့ အဖြေရှာကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org