မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရသူကို တရားသေလွှတ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တရားရုံးမှာ မတရားအသင်း ဆက်သွယ်မှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ကိုအမ်းသားကြီးကို တရားရုံးက ဒီနေ့ တရားသေ လွှတ်လိုက်ပါတယ်။

မတရားအသင်း ဆက်သွယ်မှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံခဲ့ရတဲ့ ကိုအမ်းသားကြီးကို တွေ့ရစဉ် Photo: Than Shwe's facebook

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တရားရုံးမှာ မတရားအသင်း ဆက်သွယ်မှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ကိုအမ်းသားကြီးကို တရားရုံးက ဒီနေ့ တရားသေ လွှတ်လိုက်ပါတယ်။

စွဲချက်တင်သင့် မတင်သင့်ကို တရားရုံးက ဆုံးဖြတ်ရာမှာ တရားလိုရဲ့ စွပ်စွဲချက်တွေဟာ အမှုအကြောင်းခြင်းရာတွေ နဲ့ လွဲချော်နေတယ်ဆိုပြီး စွဲချက်မတင်ဘဲ လွှတ်ပေးလိုက်တာလို့ ကိုအမ်းသားကြီးရဲ့ ရှေ့နေ ဦးထွန်းလှ က ပြောပါတယ်။

"တရားလိုနဲ့ တရားလိုပြသက်သေတွေကို စစ်ဆေးလိုက်တဲ့အချိန်မှာ ဦးနန္ဒသာရ၊ ကိုခိုင်နီမင်းနဲ့ အမ်းသားကြီး ဟာ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ပေါ်ပေါက်ချက်မရှိဘူး၊ အဲဒါကြောင့် ပြစ်ချက်တင်သင့် မတင်သင့် သူ့ကို လွှတ်သင့်တယ်လို့ လျှောက်လဲချက်ပေးလိုက်တယ်၊ တရားသူကြီးက အမှုကို ပယ်ဖျက်လိုက်တယ်ပေါ့နော်"

မြောက်ဦးမြို့ မြတန်ဆောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ပြီးခဲ့တဲ့နှစ် ဧပြီလက ရက္ခိုင့်တပ်မတော် AA ၈ နှစ်မြောက် အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ကျင်းပတာနဲ့ ဆက်နွယ်ပြီး ကိုအမ်းသားကြီးကို မတရားအသင်း ဆက်သွယ်မှုနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

အဲဒီအမှုမှာ မြောက်ဦးအခြေစိုက် ခမရ- ၅၄၀ တပ်ရင်းက တရားလိုလုပ်ပြီး မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရ နဲ့ ကိုခိုင်နီမင်း တို့ကို မတရားအသင်းဆက်သွယ်မှုနဲ့ တရားစွဲဆိုပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ မြောက်ဦးမြို့နယ် တရားရုံးက ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။

ကိုအမ်းသားကြီးဟာလည်း အဲဒီအမှုနဲ့ပဲ နောက်ဆက်တွဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ရက္ခိုင့်တပ်မတော်ဖလား ဘောလုံးပွဲကျင်းပတာနဲ့ ဆက်နွယ်ပြီး မြတန်ဆောင်းဆရာတော်ရဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အစိုးရက ပိတ်သိမ်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org