ရှေးဟောင်းပစ္စည်း အစအန များ မြေဖို့ရာမှာ သုံးလို့ ကန့်ကွက်

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့မှာ ရှေးဟောင်း နန်းတော် ကုန်းတံတိုင်းတွေကို တူးဖော် ရာကနေ ထွက်ရှိလာတဲ့ မြေစာတွေကို စစ်တွေ-ရန်ကုန် ကားလမ်းမတိုးချဲ့ရာမှာ အသုံးပြုနေ တာကြောင့် မြို့ခံတွေက ကန့်ကွက်နေကြပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရှေးဟောင်းနန်းတော် ကုန်းတံတိုင်းတွေကို တူးဖော်ရာကနေ ထွက်ရှိလာ တဲ့ မြေစာတွေကို စစ်တွေ-ရန်ကုန် ကားလမ်းမတိုးချဲ့ရာမှာ အသုံးပြုနေတာကြောင့် မြို့ခံတွေက ကန့်ကွက်နေကြ ပါတယ်။

အဲဒီမြေစာတွေထဲမှာ မြောက်ဦး နန်းတော်ရဲ့ ခေါင်မိုးအပိုင်းအစတွေနဲ့ နန်းတော်ထဲမှာ ခင်းခဲ့တဲ့ စဉ့်ပြားတွေ အပြင် ရှေးဟောင်း ပစ္စည်း အပိုင်းအစတွေ ပါနေတာကြောင့် ကန့်ကွက်တာ ဖြစ်တယ်လို့ မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောပါတယ်။

"နန်းတော် မြောက်ဘက် ဗဟိုတံတိုင်းတစ်လျှောက်မှာ တူးထားတယ် အဲ့နေရာကို ဘာတွေ့ရလည်းဆိုတော့ စဉ့်ပြားတွေကို တွေ့ရတယ်၊ စဉ့်ပြားက လက်နှစ်ဆစ်လောက်ထူတယ်၊ အဲ့မြေစာကို ဒီတိုင်း မလွှင့်ပစ်ပဲနဲ့ တူးပြီးတော့ စကာချ၊ အဲ့မှာပါလာတဲ့ ပစ္စည်းတွေ စဉ့်အိုးတွေ၊ စဉ့်ခွက်တွေ အကွဲအစတွေများပါတယ်၊ အကွဲအစတွေ ဖြစ်ပေမယ့် အဲ့ခေတ်က အထောက်အထားဖြစ်တဲ့အတွက် သမိုင်းတန်ဖိုး ကတော့ ဖြတ်လို့မရပါဘူး"

ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းဖို့အတွက် မြောက်ဦးမြို့ ရှေးဟောင်းသုတေသန ဌာနက ပြီးခဲ့တဲ့ စက်တင်ဘာလ ကုန်ကစပြီး ပင်မနန်းတော်ရာကုန်းရဲ့ တံတိုင်းခြေရင်းတွေကို စက်ယန္တရားတွေနဲ့ တူးဖော်နေခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုတူးဖော်ရာကနေ ထွက်ရှိလာတဲ့ မြေစာတွေကို ဆောက်လုပ်ရေးကုမ္ပဏီတွေက ကားလမ်းတိုးချဲ့ရာမှာ အသုံးပြုဖို့ သယ်ယူနေတဲ့အတွက် မြို့ခံတွေက မြောက်ဦးမြို့ ရှေးဟောင်းသုတေသန ဌာနတာဝန်ရှိသူတွေကို တင်ပြခဲ့ရာမှာ မြေစာ သယ်ယူမှုတွေကို လက်ရှိရပ်နားထားပေမယ့် မြေစာအတော်များများ ကားလမ်းမပေါ် ရောက်ရှိနှင့်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org