ရိုဟင်ဂျာဒုက္ခသည်အရေး ကုလသမဂ္ဂအားနည်းချက်ရှိခဲ့ကြောင်း အတွင်းရေးမှူးချုပ်လက်ခံ

မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့တွေရဲ့ ချို့ယွင်းအားနည်းချက်တွေကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက ၂ဝ၁၇-၂ဝ၁၈ ခုနှစ် မွတ်စလင်များအရေး ဟန့်တားနိုင်ခြင်းမရှိခဲ့ကြောင်း အစီရင်ခံစာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က လက်ခံလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres Photo: OLGA MALTSEVA / AFP

မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့တွေရဲ့ ချို့ယွင်းအားနည်းချက်တွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ၂ဝ၁၇ -၂ဝ၁၈ ခုနှစ် မွတ်စလင်များအရေး ဟန့်တားနိုင်ခြင်းမရှိခဲ့ကြောင်း အစီရင်ခံစာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က လက်ခံလိုက်ပါတယ်။ ဒီအစီအရင်ခံစာပါ အကြံပြုချက်တွေကို အကောင်ထည်ဖော်ခြင်း ရှိ မရှိ ဆက်ပြီးစောင့်ကြည့်သွားမယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံက ကုလသမဂ္ဂ အဖွဲ့အစည်းတွေဟာ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးအရ ဆုတ်ယုတ်လာတဲ့ အခြေအနေတွေကို  ပြောင်းလဲနိုင်ဖို့၊ တခြား အပြုသဘောတိုးတက်မှုတွေမှာ အခြေခံ ခိုင်မာအောင်လုပ်ဆောင်နိုင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက် ခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းရေးအစီအရင်ခံစာက ထောက်ပြထားပါတယ်။

ဒီအစီအရင်ခံစာကို ဂွါတီမာလာ နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ လက်တင်အမေရိကဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးကော်မရှင် ထိပ်တန်းအရာရှိ၊ ကုလသမဂ္ဂ သံအမတ်ကြီးဟောင်း ဂတ် ရိုစင်သောလ် Gert Rosenthal က ပြုစုရေးသားတာဖြစ်ပြီး ဇွန်လ ၁၇ ရက် မနေ့က ကုလသမဂ္ဂက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီပဋိပက္ခမှာ အဓိကတာဝန်ရှိသူဟာ မြန်မာအစိုးရဖြစ်ပေမယ့် ကုလသမဂ္ဂ အဖွဲ့အစည်းတွေမှာလည်း တာဝန် ရှိကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ အစိုးရနဲ့ ဒီမိုကရေစီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အပြုသဘောပါဝင်ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့သလို ကုလသမဂ္ဂက အထူးအလေးထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာလည်း တင်းတင်းကျပ်ကျပ် ထောက်ပြ ပြောဆိုတာမျိုးမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org