အာဂျင်တီးနား ဖမ်းဝရမ်းလျှောက်ထားချက် အားတက်စရာခြေလှမ်းဟု လူ့အခွင့်အရေးအဖွဲ့ပြော

ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားတဲ့ အမည်စာရင်းမှာ စစ်ခေါင်းဆောင်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့လည်း ပါဝင်နေပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တရားရုံးတွင် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက မြန်မာနှင့်ဂမ်ဘီယာအမှု ကြားနာနေချိန်အတွင်း တရားရုံးရှေ့၌ ဆန္ဒပြနေသူတစ်ဦး။ Photo: Reuters

၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးတွေအပေါ် စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အာဂျင်တီးနားအစိုးရရှေ့နေက ဖမ်းဝရမ်း ၂၅ ခု ထုတ်ပေးဖို့ အာဂျင်တီးနားတရားရုံးကို လျှောက်ထားလိုက်တာဟာ မြန်မာစစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာက ပထမဆုံးလုပ်ဆောင်လိုက်တဲ့ အားတက်စရာခြေလှမ်းတစ်ခုဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီးတစ်ဖွဲ့ဖြစ်တဲ့ Global Justice Center က ဇူလိုင် ၁ ရက်၊ တနင်္လာနေ့က ပြောကြားပါတယ်။

ဒီတရားရုံး လျှောက်ထားချက်မှာ မြန်မာနိုင်ငံက စစ်ဘက်နဲ့ အရပ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးတော်ကနေ ဖမ်းဝရမ်းထုတ်ဖို့ ဇွန်လ ၂၈ ရက်နေ့က လျှောက်ထားခဲ့တာပါ။

Global Justice Center က အကြီးတန်းဥပဒေအကြံပေး Michelle Onello က ... "စစ်ကောင်စီဟာ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရေးအရ အရှိန်မြှင့်တိုက်ခိုက်နေချိန်ဖြစ်တဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို ပိုပြီး အထောက်အကူ ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်သင့်သလို၊ တစ်ဖက်မှာလည်း စက်ဆုပ်ရွံရှာဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နှစ်ကာလရှည်ကြာစွာ ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်အနေနဲ့ ပြစ်ဒဏ်က ကင်းလွတ်နေတာကိုလည်း အဆုံးသတ်နိုင်ရေး ကြိုးပမ်းဖို့လိုပါတယ်"လို့ တိုက်တွန်းပါတယ်။

အာဂျင်တီးနားအစိုးရရှေ့နေက ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အမည်စာရင်းမှာတော့ ၂ဝ၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် အမိန့်ပေးစေခိုင်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး စတဲ့ စစ်ခေါင်းဆောင်တွေ ပါဝင်သလို နိုင်ငံ့အကြီးအကဲတွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့လည်း ပါဝင်နေပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်းက တရားလိုလုပ်ပြီး အာဂျင်တီးနားတရားရုံးမှာ ၂ဝ၁၉ ခုနှစ်က တိုင်ကြားခဲ့တာပါ။

နိုင်ငံတကာဥပဒေတွေအရ အလွန်ဆိုးဝါးရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်နိုင်ငံတရားရုံးကမဆို တရားစွဲဆိုပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ Universal Jurisdiction သဘောတရားအရ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှုအတွက် တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရီးစ်မြို့ ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org