တပ်မတော်က ဖမ်းဆီးသွားသူတချို့ ပြန်လွတ်လာ

တပ်မတော်က ဖမ်းဆီးသွားတဲ့ ကွတ်ခိုင်မြို့နယ် ပန်ကူရွာ ဒုက္ခသည်စခန်းက ကလေးအမေ အပါအဝင် ၅ ဦးကို နိုဝင်ဘာလ ၂၂ ရက် မနေ့က ည ၈ နာရီ ဝန်းကျင်မှာ ပြန်လွှတ်ပေးလိုက် ပါတယ်။

တပ်မတော်က ဖမ်းဆီးသွားပြီး ပြန်လွတ်လာတဲ့အထဲက ကလေး အမေကို တွေ့ရစဉ် ဓာတ်ပုံ - မိုင်းမိုင်

တပ်မတော်က ဖမ်းဆီးသွားတဲ့ ကွတ်ခိုင်မြို့နယ် ပန်ကူရွာ ဒုက္ခသည်စခန်းက ကလေးအမေ အပါအဝင် ၅ ဦးကို နိုဝင်ဘာလ ၂၂ ရက် မနေ့က ည ၈ နာရီ ဝန်းကျင်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဖမ်းဆီးသွားသူတွေကို စစ်မေးတဲ့အခါမှာ ထူးခြားမှုမရှိတဲ့အတွက် ပြန်လွှတ်ပေးလိုက်တာလို့ ရွာသားတွေကပြောကြောင်း ပန်ကုရွာသူကြီး ဦးအိုက်စံက RFA ကို ပြောပါတယ်။

ဒါပေမဲ့ တချို့သူတွေကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်းလည်း ပန်ကုရွာဒေသခံတွေက ပြောကြပါတယ်။

ကွတ်ခိုင်အခြေစိုက် တပ်မတော် အရာရှိတစ်ဦးကို နိုဝင်ဘာလ ၂၀ ရက်နေ့မနက်မှာ TNLA တပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးနောက်မှာ တပ်မတော်အရာရှိကို ဖမ်းဆီးသွားတဲ့ အနီးအနားက ကျေးရွာတွေမှာ နေထိုင်သူတွေနဲ့ ပန်ကုဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပါတယ်။

တပ်မတော်အရာ ရှိတစ်ဦးကို TNLA က ဖမ်းသွားတဲ့ ကိစ္စကိုစစ်မေးဖို့အတွက် ပန်ကုဒုက္ခသည်စခန်းမှာ နေထိုင်သူ ၅ ဦးကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ တပ်မတော်က ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဖမ်းဆီးသွားသူတွေကို စစ်မေးရာမှာ ဘာမှထူးခြားမှုမရှိတာကြောင့် ဖမ်းဆီးထားသူတွေကို ကွတ်ခိုင်ဗျူဟာက မနေ့က ညပိုင်းမှာ ပြန်လွှတ်ပေးလိုက်တာလို့ ရွာသားတွေကို သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ပန်ကုရွာသူကြီး ဦးအိုက်စံက RFA ကို ပြောပါတယ်။

ပြန်လွတ်လာတဲ့သူတွေထဲက ကလေးမိခင်ကတော့ စိတ်ဒဏ်ရာရတဲ့ ပုံစံရှိနေပြီး ဆေးကုသဖို့လိုနေတယ်လို့ သွာရောက်ကြည့်ရှု အားပေးနေတဲ့ ကွတ်ခိုင်မြို့နယ် တအာင်းအမျိုးသမီးအဖွဲ့က လွေးခမ်းမတ်က ပြောပါတယ်။

ဒါပေမဲ့ မန်ပန်ရွာအုပ်ချုပ်ရေးမှူးနဲ့မန်ပန်ရွာသားတစ်ဦး ခိုတီရွာသားတစ်ဦးတို့ကို စစ်မေးဖို့ ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့မနက် သုံးနာရီကျော်လောက်မှာ TNLA စစ်ကြောင်းက မန်ပန်ကျေးရွာနဲ့ နမ့်ဟူးကျေးရွာကြား လမ်းပေါ်မှာရပ်ထားတဲ့ မသင်္ကာစရာ ကားတစ်စီးကို စစ်ဆေးရာမှာ ကွတ်ခိုင်အခြေစိုက် စစ်ဗျူဟာ ခလရ (၄၅) က ဗိုလ်ကြီး အဆင့်ရှိသူ ချမ်းမြေ့ထွန်းဆိုသူကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ TNLA တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီလိုဖမ်းဆီးပြီးနောက်ပိုင်း တပ်မတော်က တပ်မ ၉၉ နဲ့ကွတ်ခိုင်ဗျူဟာပူးပေါင်းတပ်ဖွဲ့တွေက ပန်ကူရွာ၊ မန်ပန်ရွာ၊ ခိုတီရွာ၊ ဖယိုင်ရွာ၊ တုန်ဆင်လေးရွာစတဲ့ ကျေးရွာတွေက ရွာသား ၉ ယောက်လောက်ကို ခေါ်ယူစစ်ဆေးနေတယ်လို့ဒေသခံက ပြောပါတယ်။

TNLA ဘက်ကတော့ ဖမ်းဆီးရမိထားတဲ့ ဗိုလ်ကြီး ချမ်းမြေ့ဇော်ကို TNLA စစ်ဥပဒေအရ စစ်ဆေးနေပြီး ထောင်ဒဏ် ဘယ်လောက်ချမှတ်မယ်ဆိုတာကိုတော့ မသိရသေးကြောင်း၊ ပြစ်ဒဏ်ကျခံပြီးရင် နယ်မြေလုံခြုံတာနဲ့သူ့မိဘဆွေမျိုးအိမ်ကို ပြန်နိုင်အောင် လုံခြုံတဲ့နေရာအထိ ပို့ဆောင်ပေးမှာဖြစ်ကြောင်းTNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောပါတယ်။

တပ်မတော်ဘက်က ကလေးမိခင်အပါအဝင် ငါးဦးကိုလွှတ်ပေးခဲ့ပေမယ့် မန်ပန်ရွာ အုပ်ချုပ်ရေးမှူးနဲ့ မန်ပန်ရွာသားတစ်ဦး၊ ခိုတီရွာသားတစ်ဦးတို့ကို စစ်မေးဖို့ခေါ်ထားဆဲဖြစ်ပြီး ဒီနေ့မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ကျေးရွာသူကြီးတွေနဲ့ တိုင်ပင်ပြီး ပြန်လွတ်ပေးနိုင်ဖို့ ညှိနှိုင်းတောင်းဆိုသွားမယ်လို့ ပန်ကူရွာ အုပ်ချုပ်ရေးမှူး ဦးအိုက်စံက ပြောပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org