တပ်မတော်က ဖမ်းသွားတဲ့ စစ်ပြေးဒုက္ခသည်စခန်းကသူတွေ ပြန်ရောက်မလာသေး
2018.11.22
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာ ဒုက္ခသည်စခန်းကနေ အစိုးရစစ်တပ်က ဖမ်းဆီးခေါ်ဆောင် သွားတဲ့ စစ်ပြေးဒုက္ခသည် ၅ ဦးဟာ ဒီကနေ့အထိ ပြန်ရောက်မလာကြသေးဘူးလို့ စခန်းတာဝန်ခံ ဦးသိန်းအောင် က RFA ကို ပြောပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့က အဲဒီစခန်းက အမျိုးသမီးနှစ်ဦး၊ ကလေးငယ်နှစ်ဦးနဲ့ အမျိုးသား တစ်ဦးတို့ကို ကွတ်ခိုင် အခြေစိုက်ဗျူဟာ ခလရ ၄၅ နဲ့ တပ်မ ၉၉ ပူးပေါင်းစစ်ကြောင်းက တပ်သား အယောက် ၅၀ ခန့် စခန်းကို ရောက်လာကာ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတာလို့ စခန်းတာဝန်ခံက ပြောပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်အစောပိုင်းက တပ်မတော်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို TNLA တအာင်း ပလောင် လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
ရွာသားတွေကို ဘယ်လိုအကြောင်းကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ တပ်မတော်ဘက်က မပြောခဲ့ဘူးလို့ စခန်းတာဝန်ခံကပြောပါတယ်။
အဲဒီလို ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲက မီးဖွားပြီးကာစ အမျိုးသမီးတစ်ဦးဟာ TNLA အဖွဲ့နဲ့ ပတ်သက်မှုရှိတယ်လို့ ယူဆကာ အဲဒီအိမ်မှာရှိနေသူတွေ အကုန်လုံးကို ခေါ်ဆောင်သွားတာလို့လည်း ပြည်တွင်းသတင်းမီဒီယာတချို့မှာ ဖော်ပြထာတွေရှိပါတယ်။
လက်ရှိအချိန်အထိ တပ်မတော်ဘက်က ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့လိုက်တာပါ။