KBC ဓမ္မဆရာမနဲ့ ကချင်တိုင်းရင်းသား ၁၂ ဦးကို တပ်မတော်က ဖမ်းဆီးထားတာ ပြန်လွတ်လာခြင်း မရှိသေး
ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ဓမ္မဆရာမတစ်ဦးအပါအဝင် ကချင်တိုင်းရင်းသား ၁၂ ဦးကို အစိုးရ တပ်မတော်က ဖမ်းဆီးသွားတာ ဒီနေ့ထိ ပြန်လည် မလွတ်မြောက်သေးကြောင်း KBC သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဆမ်ဆွန်က RAF ကို ဒီနေ့ ပြောပါတယ်။
-
2018-11-03 -
-
-
ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ဓမ္မဆရာမတစ်ဦးအပါအဝင် ကချင်တိုင်းရင်းသား ၁၂ ဦးကို အစိုးရ တပ်မတော်က ဖမ်းဆီးသွားတာ ဒီနေ့ထိ ပြန်လည် မလွတ်မြောက်သေးကြောင်း KBC သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဆမ်ဆွန်က RAF ကို ဒီနေ့ ပြောပါတယ်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်က KBC ဓမ္မဆရာမတစ်ဦး အပါအဝင် ကချင်တိုင်းရင်းသား ၁၅ ဦးကို တရုတ်-မြန်မာနယ်စပ် နမ့်စ့မ်ယန်နယ်စပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီထဲက ၃ ဦးကို ပြန်လွှတ် ပေးလိုက်ပေမယ့် ၁၂ ဦးကို ဒီနေ့အချိန်အထိ ဖမ်းဆီးထားတာဖြစ်ကြောင်း ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။
ဖမ်းဆီးခံရတာ ၁ ပတ်ကျော်ကြာနေပြီဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးထားလည်းဆိုတာကို မသိရသေးတဲ့အတွက် သူတို့တွေရဲ့ မိသားစုတွေက စိုးရိမ်မှုတွေလည်းရှိပါတယ်။
အဲ့ဒီလူတွေဟာ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တွေကဖြစ်ပြီး တရုတ်နယ်စပ်က စစ်ဘေးဒုက္ခသည်စခန်းတွေက ဆွေမျိုးတွေဆီ သွားရောက်တဲ့လူတွေနဲ့ ဆိုင်ကယ်ကယ်ရီသမားတွေလို့လည်း သိရပါတယ်။
ဒီကချင်တိုင်းရင်းသားတွေ လွတ်မြောက်ဖို့အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့ကနေ ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးထံ အကြောင်းကြားခဲ့ပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒီကိစ္စကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး-ကြည်းကို ဆက်သွယ်မေးမြန်းရာမှာ စစ်ဆေးပြီး ပြန်လွှတ်မယ်လို့ အကြောင်းပြန်ခဲ့ပေမယ့် ဒီနေ့ထိ မလွတ်လာသေးတာကြောင့် စိုးရိမ်နေတာဖြစ်ကြောင်း ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။
ဓမ္မဆရာမနဲ့ ကချင်တိုင်းရင်းသားတွေကို ဖမ်းဆီးထားတဲ့ ကိစ္စကို တပ်မတော် ကာကွယ်ရေး ကာကွယ်ရေး ဦးစီးချုပ်ရုံး-ကြည်းက ဗိုလ်ချုပ် ထွန်းထွန်းညီကို RFA က ဒီနေ့ဆက်သွယ်ရာမှာ တယ်လီဖုန်း လက်ခံဖြေကြားခြင်း မရှိခဲ့ဘဲ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကတော့ ဒီကိစ္စကို အတည်ပြုလို့ မရသေးကြောင်း RFA ကို ပြောထားပါတယ်။