ဖမ်းဆီးခံထားရတဲ့ ဓမ္မဆရာမနဲ့ ကချင်တိုင်းရင်းသားတွေ လွတ်မြောက်

အစိုးရ တပ်မတော် တပ်မ (၁၀၁) က အောက်တိုဘာလ ၂၄ ရက်နေ့က ဖမ်းဆီးထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ဓမ္မဆရာမနဲ့ ကချင်တိုင်းရင်းသား စုစုပေါင်း ၁၅ ဦးကို ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

အဖမ်းခံရတဲ့ KBC ဓမ္မဆရာမ Chamloiq Hkawng Nyoi ပုံ Photo: Ah Nyoi Chamloiq's FB

အစိုးရ တပ်မတော် တပ်မ (၁၀၁) က အောက်တိုဘာလ ၂၄ ရက်နေ့က ဖမ်းဆီးထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC က ဓမ္မဆရာမနဲ့ ကချင်တိုင်းရင်းသား စုစုပေါင်း ၁၅ ဦးကို ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဖမ်းဆီးခံရသူ ၁၅ ဦးလုံးဟာ လိုင်ဇာမြို့ကနေ ဝိုင်းမော်မြို့ဘက်ကို ဆိုင်ကယ်တွေနဲ့ ပြန်လာချိန် နမ့်ဆန်ယမ် ကားလမ်းအနီးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီကနေ မြစ်ကြီးနားမြို့က တပ်မတော် နယ်မြေတစ်ခုကို ကားနဲ့ ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းထားတာလို့ ပြန်လည်လွတ်မြောက်လာတဲ့ မအယ်နန်အောင်က RFA ကို ပြောပါတယ်။

သူတို့တွေဟာ KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ကနေ ပြန်လာသူတွေဖြစ်တာကြောင့် KIA အဖွဲ့နဲ့ အဆက်အသွယ် ရှိ၊ မရှိ စစ်ဆေးပြီး အများဆုံး ၁ ရက် ၂ ရက်အတွင်း ပြန်လွှတ်ပေးမယ်လို့ပြောပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။

ဖမ်းဆီးခံထားရချိန်အတွင်း လိုင်ဇာမြို့ကို သွားရောက်တဲ့အကြောင်းအရာနဲ့ သူတို့ပြန်လာတဲ့လမ်းဟာ ရှေ့တန်းစစ်မြေပြင်အဖြစ်သတ်မှတ်ပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာကို သိလားဆိုတာတွေကိုသာ မေးမြန်းပြီး အစားအသောက်နဲ့ အိပ်ဖို့နေရာတွေ စီစဉ်ပေးထားတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူအားလုံးဟာ ကချင်တိုင်းရင်းသားတွေဖြစ်သလို အဲဒီထဲမှာ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၈ ယောက်ဖြစ်ပြီး သူတို့ဖမ်းဆီးခံထားရတဲ့အကြောင်း RFA က သတင်းထုတ်လွှင့်ပြီး ၄ ရက်အကြာမှာ ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။

သူတို့အားလုံးကို ပြန်လွှတ်ပေးဖို့အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့ကနေ ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးထံ အကြောင်းကြားတာတွေ လုပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org