၂ဝ၁၃-၂ဝ၁၄ ခုနှစ် တပ်မတော် အသုံးစရိတ် အမေရိကန်ဒေါ်လာ သန်း ၂၄ဝဝ ရရှိ
မြန်မာ့တပ်မတော်ဟာ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်ထောင့်လေးရာ ရရှိခဲ့တယ်လို့ AFP သတင်းကဖေါ်ပြပါတယ်။
-
2013-03-06 -
-
-
မြန်မာ့တပ်မတော်ဟာ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်ထောင့်လေးရာ ရရှိခဲ့တယ်လို့ AFP သတင်းကဖေါ်ပြပါတယ်။
ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့တဲ့သောကြာနေ့က အတည်ပြုလိုက်တဲ့ စစ်တပ်အသုံးစားရိတ်ပမာဏဟာ မနှစ်ကထက် ဒေါ်လာသန်းတစ်ရာလောက် လျော့နည်းပေမယ့်၊ မြန်မာနိုင်ငံရဲ့ ချိနဲ့နေတဲ့ ပညာရေးနဲ့ ကျန်းမာရေး အသုံးစားရိတ်တွေထက်တော့ သိသိသာသာ ပိုပြီးများနေဆဲဖြစ်ပါတယ်။
ဒါ့ပြင် စစ်တပ်ဟာ စွမ်းအင်ကဏ္ဍကနေလည်း အမြတ်အစွန်းကြီးကြီးမားမား ရရှိနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ကာလအတွင်း တိုင်းပြည်ရဲ့အသုံးစားရိတ် ဘတ်ဂျက်စာရင်းကို လူသိရှင်ကြား ထုတ်ပြန်လေ့မရှိခဲ့ပါဘူး။
ဒါပေမဲ့၂၀၁၁ ခုနှစ်ကစလို့ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် အသုံးစရိတ် ဘတ်ဂျက်ပမာဏ စုစုပေါင်း ဒေါ်လာ ၁၉ ဘီလျံခွဲအပေါ် သုံးသပ်စစ်ဆေးနိုင်ခဲ့ကြပါတယ်။
စစ်တပ်ဟာ သူရတဲ့အသုံးစရိတ် ဒေါ်လာ သန်းနှစ်ထောင်ကျော်ထဲက သန်းတစ်ထောင်ကျော်ကို စစ်လေယာဉ်တွေနဲ့ လက်နက်တွေ ဝယ်ယူလိမ့်မယ်လို့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP လွှတ်တော်အမတ် ဒေါက်တာအေးမောင်က ပြောပါတယ်။
အဲဒီပမာဏဟာ ကျန်တဲ့ဝန်ကြီးဌာနအားလုံး အသုံးစရိတ်ရဲ့ ၂ဝ ရာနှုန်းလောက်ရှိပါတယ်။
ကုလသမဂ္ဂရဲ့ ၂၀၀၉ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအသုံးစားရိတ်ဟာ နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၁.၈ ရာနှုန်းရှိပြီး လူတစ်ယောက်အတွက် တစ်နှစ် ၇ ဒေါ်လာသာ သုံးစွဲတဲ့သဘောဖြစ်ပါတယ်။
ဒါပေမယ့် အထိမခံတဲ့ စစ်တပ်အသုံးစားရိတ်နဲ့ ပတ်သက်ပြီး ဘယ်သူကမှ စောဒကတက်ကြမှာမဟုတ်ဘူးလို့ အမည်မဖေါ်လိုသူ NLD ပြည်သူ့လွှတ်တော် အမတ်တစ်ဦးက ပြောကြောင်း AFP က ဖေါ်ပြပါတယ်။