လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို တပ်မတော်ငြင်းဆို
အစိုးရတပ်မတော်ဟာ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကာလအတွင်း စစ်ရာဇဝတ်ကျူးလွန်မှုတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်ဆိုတဲ့ AA ရဲ့ စွပ်စွဲချက်တွေကို တပ်မတော်က ငြင်းဆိုလိုက်ပါတယ်။
-
2019-01-27 -
-
-
Your browser doesn’t support HTML5 audio
အစိုးရတပ်မတော်ဟာ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကာလအတွင်း စစ် ရာဇဝတ်ကျူးလွန်မှုတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်ဆိုတဲ့ AA ရဲ့ စွပ်စွဲချက်တွေကို တပ်မတော် က ငြင်းဆိုလိုက်ပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇေ်ာမင်းထွန်း က တပ်မတော်ဟာ ကျေးရွာတွေထဲကို ဝင်ရောက်ရှင်းလင်းတာတွေ မလုပ်ဘဲ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေကသာ ကျေးရွာတွေထဲ ဝင်ရောက် ရှင်းလင်းတာတွေပြုလုပ်လေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။
ဒါ့အပြင် AA တပ်ဖွဲ့ဝင်တွေက ကျေးရွာတွေထဲမှာ အရပ်သားယောင်ဆောင်ပြီး တပ်မတော်ကို ပစ်ခတ်တာတွေ ပြုလုပ်လေ့ရှိကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
AA ကတော့ တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုကျူးလွန်တာတွေကို လာမယ့် ဧပြီလအတွင်း နိုင်ငံတကာ စစ်ခုံရုံးကို ပေးပို့သွားမယ်လို့ ထုြတ်ပန်ထားပါတယ်။
ဒါကြောင့် တပ်မတော်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေ၊ မတရားနှိပ်စက်မှုတွေနဲ့ပတ်သက်တဲ့ ထွက်ဆိုချက်တွေ၊ သက်သေတွေကို ရက္ခိုင့်တပ်မတော် AA ထံ ပေးပို့ကြဖို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မနေ့က ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအနီးမှာ အစိုးရတပ်တွေနဲ့ ရက္ခိုင့်တပ်မတော် AA ကြား တိုက်ပွဲတွေကြောင့် ဒေသခံ ကလေးတစ်ဦးအပါအဝင် ၃ ဦးဟာ လက်နက်ကြီးကျည်ထိမှန်တာ၊ သေနတ်ကျည် ထိမှန်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားပြီးနောက် သမီးလှကျေးရွာမှာရှိတဲ့ ဒေသခံရွာသားတွေကို စာသင်ကျောင်းမှာပဲနေထိုင်ဖို့ အစိုးရတပ်ဘက်က ခေါ်ယူခဲ့ပြီး နေအိမ်တွေထဲ ဝင်ရောက်ကာ ငွေကြေးနဲ့ ရွှေတွေ၊ လက်ကိုင်ဖုန်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်း အများကြီးပစ်တယ်၊ ရွာထဲမှာကျတယ်၊ ကလေးတွေထိတယ်၊ အမျိုးသမီးထိတယ်၊ နောက်ပြီးတော့ ရွာကိုရှာဖွေရေးလုပ်တယ်၊ အိမ်တွေမှာ သေတ္တာတွေ အကုန်ဖွင့်တယ်၊ ဓားတွေနဲ့ထိုးခွဲပြီး ရွှေတွေငွေတွေ ယူသွားတယ်"
အမည်မဖော်လိုတဲ့ သမီးလှကျေးရွာသားတစ်ဦး ပြောသွားတာပါ။
မနေ့ကတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ သမီးလှကျေးရွာကို ရခိုင်အမျိုးသားပါတီက ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က ဒီနေ့မနက်ပိုင်းမှာ သွားရောက်တွေဆုံခဲ့ပါတယ်။
ဒေသခံတွေနဲ့ တေ့ွဆုံခဲ့တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က အခုလို ပြောပါတယ်။
"အိမ်ခြေ ၆၄ အိမ်ကို သူတို့က ဝင်ပြီးမွှေနောက်ပြီး ရှိတဲ့ဟာ အကုန်ယူသွားတာပေါနော်၊ ရွှေတို့၊ ငွေတို့ ပစ္စည်းတို့ပေါနော်၊ ပါသွားတဲ့ပစ္စည်းတွေကို တပ်မတော်အကြီးအကဲကို တရားဝင်စာနဲ့ တင်ပြပြီးတော့ ဒီဟာဒီဟာတွေဟာ ဘယ်သူတွေဟာတွေ ဘယ်လောက်ပါသွားတယ်ဆို စာရင်းယူထားပါတယ်၊ အဲဒါတွေကို ပါတီကိုတင်ပြပြီး ပါတီက ညှိနှိုင်းဆောင်ရွက်မှာပါ"
ဒါ့အပြင် သမီးလှကျေးရွာအတွင်း သေနတ်ကျည်အခွံတွေ၊ လက်နက်ကြီး ပေါက်ကွဲထားတဲ့ ကျည်ခွံတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ တွေ့ခဲ့ရတယ်လို့လည်း ဦးသန်းနိုင် က ပြောပါတယ်။
ရက္ခိုင့်တပ်မတော် AA က မနေ့က တိုက်ပွဲအပါအဝင် တပ်မတော်ဟာ ဒီလအတွင်း တပ်မတော်က ရဟတ်ယာဉ် အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ကျေးရွာတွေထဲ ဝင်ရောက်ပြီး ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တာတွေ၊ ရွှေငွေတွေ ယူဆောင်တာတွေ ရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီကျေးရွာသားတွေ နဲ့ AA ရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
"စစ်ကြောင်းက ရွာဘေးကဖြတ်သွားတယ်၊ သမီးလှရွာဘေးက ရွာထဲကနေပြီးတော့ ရီမုမိုင်းနဲ့လှမ်းတိုက်တယ် ရီမုမိုင်းနဲ့ဝင်တိုက်တော့ အဲအထဲကို ရဲကတော့ ဝင်ရှင်းတာရှိတယ် နောက်ပြီးတော့ ရဲတပ်ဖွဲ့ကလည်း ဖမ်းဆီး စစ်ဆေးတာတို့ ငွေကြေးယူသွားတာတို့ မရှိဘူး၊ သို့သော်တစ်ခုရှိတာက အဲရွာထဲကတိုက်တဲ့လူတွေကလည်း AA အဖွဲ့က အရပ်ဝတ်နဲ့လူတွေ လုပ်တာဆိုတော့ သူတို့အဖွဲ့ကလူတွေ စွပ်စွဲတာဖြစ်နိုင်တယ်"
ရသေ့တောင်မြို့ သမီးလှ(ရွာသစ်)ကျေးရွာအနီးမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောသွားတာပါ။
ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လာမယ့် ဧပြီလအတွင်း နိုင်ငံတကာစစ်ခုံရုံးကို တင်ပို့သွားမယ်လို့လည်း AA အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီအပေါ်မှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက
"ခုနပြောသလို ကျနော်တို့ဆီက ဝင်ရှင်းတာမရှိဘူး၊ နယ်ခြားစောင့်ရဲက လုပ်ထုံးလုပ်နည်းအတိုင်း ရွာထဲဝင်ရှင်းတာတွေ လုပ်တာရှိတယ်၊ ကျနော်တို့ ပြောနိုင်တာက ကျနော်တို့ဆီမှာက ဒါနဲ့ပတ်သက်ပြီး ခိုင်လှုံတဲ့သက်သေရှိတယ်၊ AAအဖွဲ့ကနေ ရွာသားယောင်ဆောင်ပြီးပစ်တာ ကျနော်တို့ဆီမှာ ခိုင်လုံတဲ့ သက်သေအထောက်အထားရှိတယ်"
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားဖို့ အဆင်မပြေသေးဘူးလို့ ပြောပါတယ်။
တပ်မတော်နဲ့ AA အဖွဲ့ဟာ မနေ့က ပလက်ဝမြို့နယ် ခုံရွာဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ နှစ်ဖက်ခေါင်းဆောင်တွေက အတည်ပြုပါတယ်။
တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က အတည်ပြုလို့ မရသေးပါဘူး။ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော် စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံ ၆ ထောင်ကျော် ရှိနေပြီလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။