ဒရုန်းနဲ့ထောက်လှမ်းတာ KNU တိုင်ပေမယ့် ဆက်ထောက်လှမ်းခံနေရ
ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ကို ကန့်ကွက်စာပေးပို့ထားတဲ့ကြားက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်စခန်းတွေကို တပ်မတော်က ဒရုန်းယာဉ်တွေနဲ့ ထပ်မံလာရောက်ထောက် လှမ်းနေတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ နှစ်ဖက်ယုံကြည်မှုကို ထိခိုက်နိုင်လို့ တာဝန်ယူမှုရှိအောင် တုံ့ပြန်သွားမယ်လို့ KUN ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။
-
သန့်ဇင်ဦး
2020-02-06 -
-
-
ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ကို ကန့်ကွက်စာ ပေးပို့ထားတဲ့ကြားက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်စခန်းတွေကို တပ်မတော်က ဒရုန်းယာဉ်တွေနဲ့ ထပ်မံလာရောက်ထောက်လှမ်းနေတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ နှစ်ဖက်ယုံကြည်မှုကို ထိခိုက်နိုင်လို့ တာဝန်ယူမှုရှိအောင် တုံ့ပြန်သွားမယ်လို့ KUN ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။
ကောင်းကင်ကနေပြီးတော့ ဒရုန်းယာဉ်တွေနဲ့ တပ်မတော်ကနေ ထောက်လှမ်းတာကို ကန့်ကွက်တဲ့အကြောင်း ကရင်အမျိုးသားအစည်းအရုံး - KNU က ပြောထားတဲ့ကြားကပဲ နောက်တစ်ကြိမ်ထပ်ပြီးတော့ တပ်မတော် ဘက်က လုပ်ဆောင်နေတယ်လို့ KNU ဘက်ကပြောလိုက်ပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာပါတဲ့ အချက်တွေကို ချိုးဖောက်တဲ့ လုပ်ရပ်မျိုး တပ်မတော်ဘက်ကထပ်လုပ်ရင် တာဝန်ယူဆောင်ရွက်လာအောင် တုံ့ပြန်ဖို့ပဲရှိတယ်လို့ KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်ဘက်က ထပ်လုပ်ဆောင်လို့ဆိုပြီး KNU တပ်မဟာ (၅) စခန်းဘက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ဆီကို ကန့်ကွက်စာ ပို့လိုက်တာပါ။
ကွန့်ကွက်စာထဲမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းအချိန် သူတို့ဌာနချုပ်နား ဒေပူနို့ကျေးရွာက စာသင် ကျောင်း၊ ဆေးရုံနဲ့ ဆေးခန်းတွေကို ဒရုန်းနဲ့ လာရောက်ထောက်လှမ်းနေတယ်ဆိုတဲ့ အကြောင်းပါရှိတယ်လို့ တပ်မဟာ (၅) ဥက္ကဋ္ဌရဲ့ ပြောဆိုချက်အပေါ်ကိုးကားပြီး ကရင်သတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လုံခြုံရေးအတွက်နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းအူကြောင်းရှာတာကလွဲပြီး KNU တပ်စခန်းတွေကို ထောက်လှမ်းစရာ အကြောင်းမရှိဘူးလို့ ဇန်နဝါရီလ ၂၂ ရက်နေ့က RFA ကိုဖြေဆိုထားဖူးပါတယ်။
ဇန်နဝါရီကုန်ပိုင်းကလည်း KNU တပ်မဟာ(၅) လက်အောက်ခံတပ်တွေ လှုပ်ရှားတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နဲ့ ဖာပွန်မြို့အကြားမှာ စကခ(၄)လက်အောက်ခံ ခမရ ၇၀၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တစ်ယောက် ဆွဲမိုင်းနဲ့တိုက်ခိုက်ခံရတာကြောင့် ကျဆုံးခဲ့တာပါ။
အဲဒီကိစ္စအတွက် တပ်မတော်က JMC အပါအဝင် KNU ဘက်ကို တရားဝင်ကန့်ကွက်စာပို့ထားပါတယ်။ KNU တပ်မဟာ(၅) ဘက်ကလည်း သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ မူတူစေးဖိုးတို့ဟာ တခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထက် နီးကပ်တဲ့ဆက်ဆံရေးရှိပါတယ်။ ဒါပေမဲ့ ၂၀၁၉ နောက်ပိုင်းနဲ့ ၂၀၂၀ အစောပိုင်းကာလတွေမှာ အောက်ခြေမှာရှိတဲ့ KNU နဲ့ တပ်မတော်တပ်ရင်းတချို့ကြားမှာတော့ ဆက်ဆံရေးအဆင်မပြေပါဘူး။
ဖေဖော်ဝါရီ ၄ ရက်နေ့မှာ KNU ဦးစီးပြီးတော့ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ သရက်ချောင်းမှာ NCA သဘောတူညီချက်တွေကို ဒေသခံလူထုအသိပညာပေးဆွေးနွေးပွဲ ကျင်းပဖို့လုပ်ပါတယ်။ ဒါပေမဲ့ တပ်မတော် တပ်ရင်း ခမရ(၁၂၄) ရှေ့တန်းစစ်မြေပြင် ဘောကထာစခန်း တပ်ရင်းမှူး ဗိုလ်မှူးထွန်းထွန်းလင်းက လာရောက်တားဆီးလို့ ပွဲပျက်သွားတယ်လို့ ကရင်အခြေစိုက် KIC သတင်းဌာနက ဖော်ပြထားပါတယ်။
နှစ်ဖက်တပ်တွေ ရင်ဆိုင်ထားတဲ့နေရာတွေမှာ အပစ်ရပ်နယ်မြေ သေချာမသတ်မှတ်ရသေးလို့ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ပြောဖို့ခက်တယ်လို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့က ဒေါက်တာရွှေခါးက RFA ကိုပြောပါတယ်။
အပစ်ရပ်နယ်မြေထဲမှာ နှစ်ဖက်တပ်တွေအကြား နယ်မြေစိုးမိုးတာ၊ တပ်လှုပ်ရှားတာ၊ ကင်းထောက်တာ၊ အင်အားတိုးချဲ့တာနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ၊ မိုင်းထောင်တာတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ရုပ်ဝတ္တုပစ္စည်းတွေကို ဖျက်ဆီးတာနဲ့ ထိုးစစ်ဆင်တာတွေကို ရပ်ဆိုင်းဖို့ NCA စာချုပ်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နှစ်ဖက်တပ်တွေအချင်းချင်း ရန်မူတဲ့ပုံစံ ဒါမှမဟုတ် စော်ကားမှုဖြစ်စေတဲ့ပုံစုံတွေကို တိုက်ရိုက်သော် လည်းကောင်း သွယ်ဝိုက်တဲ့နည်းနဲ့သော်လည်းကောင်း မလုပ်ရလို့ ပါဝင်ပါတယ်။
နိုင်ငံရေးနဲ့စစ်ရေးကျွမ်းကျင်သူ ဗကပ အဖွဲ့ဝင်ဟောင်း ဦးမောင်မောင်စိုး ကတော့ နှစ်ဖက် အမြန်တွေ့ဆုံညှိနှိုင်းမှ အဆင်ပြေမှာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
ဇန်နဝါရီလ နောက်ဆုံးအပတ်လောက်မှာ ကန့်ကွက်စာပေးပို့ထားခဲ့ပေမယ့်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်ဘက်က ထပ်လုပ်လာတာပါ။
KNU အဖွဲ့ဟာ NCA အပစ်ရပ် လက်မှတ်ရေးထိုးတဲ့အဖွဲ့ဖြစ်ပေမယ့် နယ်မြေကိစ္စတွေ၊ တပ်ပိုင်းဆိုင်ရာ နေရာချထားရေးကိစ္စတွေကို တပ်မတော်နဲ့ သေချာမဆွေးနွေးနိုင်သေးတာကြောင့် ပစ်ခတ်မှုတွေ၊ နယ်မြေကျော်တယ်ဆိုပြီး ကန့်ကွက်တာတွေ မကြာခဏဆိုသလို ဖြစ်လေ့ရှိပါတယ်။
ဇန်နဝါရီလကုန်ပိုင်းမှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေဆွေးနွေးဖို့ KNU နဲ့ တပ်မတော်ခေါင်းဆောင်တွေ သဘောတူထားပေမယ့် နှစ်ဘက်ခေါင်းဆောင်တွေ အစည်းအဝေးရှိလို့ဆိုပြီး ရွှေ့ဆိုင်းထားရပါတယ်။
ဒီလိုအချိန်မှာပဲ တပ်မတော်ရဲ့ ကောင်းကင်က ထောက်လှမ်းမှုတွေ တစ်ကြိမ်မက KNU ဘက်ကို ပြုလုပ်နေတာပါ။