တပ်မတော် တစ်ခုတည်းရှိရေးမူအတိုင်း ဆောင်ရွက်သွားမည်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်တဲ့အခါမှာ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်နဲ့ တပ်မတော်တစ်ခုတည်းရှိရေး၊ ခွဲမထွက်ရေး ရပ်တည်ချက်အတိုင်းပဲ ဆက်လက် ဆောင်ရွက်သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ၂ဝ၁၉ ခုနှစ် ဇွန်လ ၂ ရက်နေ့က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းစဉ် Photo: Win Ko Ko Latt/RFA

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်တဲ့အခါမှာ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေး မှုဝါဒ ခြောက်ရပ်နဲ့ တပ်မတော်တစ်ခုတည်းရှိရေး၊ ခွဲမထွက်ရေး ရပ်တည်ချက်အတိုင်းပဲ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး ပြောင်းလဲသွားဖို့ မရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရက္ခိုင့်တပ်မတော် AA နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေနဲ့ ပတ်သက်လို့ ကျင်းပတဲ့ ဒီသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး  တပ်မတော်သဘောထားကို မေးမြန်းရာမှာ ဗိုလ်ချုပ် စိုးနိုင်ဦးက နိုင်ငံတိုင်းမှာ တပ်မတော် တစ်ခုပဲရှိတာကြောင့် မြန်မာနိုင်ငံမှာလည်း တပ်မတော်က တစ်ခုပဲရှိကြောင်း ဒါကိုပြောင်းလဲလို့မရကြောင်း၊ ခွဲမထွက်ရကိစ္စနဲ့ ပတ်သက်ပြီးလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို လက်ခံပေမယ့် ခွဲထွက်ရေးကိုတော့ လက်မခံကြောင်း ငြိမ်းချမ်းရေး မှုဝါဒ ခြောက်ရပ် ချမှတ်ထားပြီး အဲဒီအတိုင်းရပ်တည်ကြောင်း၊ ငြိမ်းချမ်းရေးကို NCA လမ်းကြောင်းတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း  ပြောကြားခဲ့ပါတယ်။

မေလအတွင်း တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲက ကေအိုင်အေနဲ့ အများဆုံး တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှု သိသိသာသာလျော့ကျခဲ့တယ်လို့လည်း ဆိုပါတယ်။

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အကြိမ်ရေ ၅၉ ကြိမ်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်ပွားတာ ၄၅ ကြိမ်ရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင်က ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org