ရသေ့တောင် ရွာသား ၅ ဦး စစ်တပ်ဖမ်းဆီးခေါ်ဆောင်ခံရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရစိုးချောင်းကျေးရွာမှာ ရွာခံ ၅ ဦးကို အစိုးရတပ်က မနေ့က ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ ရွာခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရစိုးချောင်းကျေးရွာမှာ ရွာခံ ၅ ဦးကို အစိုးရတပ်က မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

တောင်ယာလုပ်ငန်းခွင်တွေမှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးတော့ ဒီနေ့အထိ ဘာသတင်းမှ မကြားရဘူးလို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ဦးကြွင်းကျန်အောင်ရဲ့ သမီး မခိုင်မြစံက ပြောပါတယ်။

"တောင်ယာထဲမှာ တည်းခိုတဲ့လယ်ယာကနေ ဖမ်းခေါ်သွားတာပါ၊ သမီးတို့ကတော့ အဖေကို စိုးရိမ်တာပေါ့နော်၊ အခုအချိန်မှာလည်း လက်နက်ြင်္ကီးသံတွေကြားရတယ်၊ အဖေကလည်း အသက်ကြီးပြီ ဆိုတော့ သူတို့ဘာတွေခိုင်းမလဲ၊ ဝန်လေးဝန်ပိုးတွေ ထမ်းဖို့ခိုင်းမလား၊ နောက်ပြီး စစ်တိုက်တဲ့အချိန်မှာ အန္တရာယ်ရှိမလား၊ ကျမတို့ မိသားစု တော်တော်စိုးရိမ်နေရပါတယ်၊ အမေဆိုရင်တော့ အမြဲတမ်းငိုနေတာပဲ၊ အဖေရဲ့သတင်းတော့ ဘာမှမကြားရသေးပါဘူး၊ လက်နက်ကြီးသံတွေပဲ ကြားနေရပါတယ်"

မနေ့ကဖမ်းဆီးခေါ်ဆောင်သွားသူတွေဟာ ဦးငထောင်ချေ၊ ကိုသန်းထွန်း၊ ဦးကြွင်းကျန်အောင်၊ ဦးလူဖြူချေ၊ ဦးထွန်းအေးသိန်း ၅ ဦးဖြစ်ပြီး အဲ့ဒီအထဲက ဦးကြွင်းကျန်အောင်ဟာ အသက် ၅၆ နှစ်ရှိနေပြီလို့ သိရပါတယ်။

ရသေ့တောင်မြို့နယ် ရစိုးချောင်းကျေးရွာခံတွေက တောတောင်ကို အဓိကမှီခို အသက်မွေးကြသူတွေ ဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံတွေကို ကြားနေရတာအပြင် အစိုးရစစ်ကြောင်းတွေ နေ့စဉ်ဆိုသလို လာရောက် တာကြောင့် ရွာခံတွေဟာ လုပ်ငန်းခွင်သွားဖို့ နေ့စဉ် အခက်အခဲဖြစ်နေကြရတယ်လို့လည်း ဆိုပါတယ်။

ရစိုးချောင်းရွာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ ၃ မိုင်ခရီးလောက်သာကွာဝေးပြီး ရွာခံအမျိုးသားတွေဟာ အစိုးရတပ်က ပေါ်တာဆွဲခံရမှာကို စိုးရိမ်တာကြောင့် ပုန်းအောင်းနေရတယ်လို့လည်း သိရပါတယ်။

ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ် အစပ်တွေဖြစ်တဲ့ ကျောက်တော်မြို့နယ် လောရမတောင်တန်း တစ်ဝိုက်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကနေစတင်ကာ အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ တာ ဖြစ်ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်သံတွေကို ဒီနေ့ညနေပိုင်းအထိ ကြားနေရဆဲဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org