ပြည်တွင်း သတင်းရုပ်သံလိုင်းတချို့ ပြသခွင့်မရသေး

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းကစတင်ပြီး ၂၄ နာရီ ထုတ်လွှင့်နေတဲ့ ပုဂ္ဂလိက ရုပ်သံလိုင်းတွေ အကုန်လုံးကို ယာယီပိတ်သိမ်းခံခဲ့ရပြီး ည ၉ နာရီဝန်းကျင်မှာ ရုပ်သံလိုင်းတချို့ကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သတင်းဌာနလိုင်းတွေဖြစ်တဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB နဲ့ မဇ္ဇျိမဌာနတို့ကတော့ အခုထိ ပြန်လည်ထုတ်လွှင့်မှု မရှိသေးပါဘူး

တပ်မတော် တပ်ထိန်းတစ်ဦးကို တွေ့ရစဉ် Reuters Photo

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းကစတင်ပြီး ၂၄ နာရီ ထုတ်လွှင့်နေတဲ့ ပုဂ္ဂလိ ကရုပ်သံလိုင်းတွေ အကုန်လုံးကို ယာယီပိတ်သိမ်းခံခဲ့ရပြီး ည ၉ နာရီဝန်းကျင်မှာ ရုပ်သံလိုင်းတချို့ကို ပြန်ဖွင့် ပေးခဲ့ပါတယ်။ ဒါပေမဲ့ သတင်းဌာနလိုင်းတွေဖြစ်တဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB နဲ့ မဇ္ဈိမဌာနတို့ကတော့ အခုထိ ပြန်လည်ထုတ်လွှင့်မှု မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနေ့က တပ်ပိုင် မြဝတီ ရုပ်သံလိုင်းကလွဲပြီး အစိုးရပိုင် MRTV လိုင်းအပါအဝင် ပုဂ္ဂလိက ရုပ်သံလိုင်းတွေအားလုံးကို မနက်အစောပိုင်းထဲက ဖြတ်တောက်ခံခဲ့ရ ပါတယ်။

အရေးပေါ် အခြေအနေကြေညာပြီး တစ်နှစ် စစ်တပ်အာဏာသိမ်းလိုက်တဲ့သတင်းတွေကို တပ်ပိုင် မြဝတီ ရုပ်သံတစ်ခုထဲကသာ တစ်နေကုန် ထုတ်လွှင့်ပြသနေခဲ့တာပါ။

ဖမ်းဆီးဖယ်ရှားခံလိုက်ရတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးတွေကို အသစ်ပြန်လည်ခန့်အပ်လိုက်တဲ့ သတင်းထုတ်ပြန်ပြီးနောက် ည ၉ နာရီဝန်းကျင်မှာတော့ ပုဂ္ဂလိက ရုပ်သံလိုင်းတချို့ကို ပြန်ပွင့်ခဲ့ပါတယ်။

သတင်းမီဒီယာမှတ်ပုံတင်နဲ့ ရရှိထားတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB နဲ့ မဇ္ဈိမ ရုပ်သံလိုင်း နှစ်ခုကတော့ အခုအချိန်ထိ ပြန်လည်လိုင်းဖွင့်မပေးသေးပါဘူး။

လိုင်းတွေပိတ်တုန်းကလည်း အကြောင်းကြားတာမရှိသလို အခုထိလည်း တစ်စုံတစ်ရာ အကြောင်းကြား တာမျိုး မရှိဘူးလို့ DVB သတင်းမီဒီယာ ညွှန်ကြားရေးမှူး အဖွဲ့ဝင် ဦးတိုးဇော်လတ် က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ၂၄ နာရီ ပြသခွင့်ကို ရုပ်သံကုမ္ပဏီ ငါးခု ခွင့်ပြုခဲ့တာမှာ သတင်းမီဒီယာရုပ်သံအနေနဲ့ DVB နဲ့ မဇ္ဈိမ နှစ်ခုပါဝင်ပြီး ချယ်နယ်ကေ၊ Fortune နဲ့ Y TV တို့က ဖျော်ဖြေရေး လိုင်းတွေအဖြစ် လျှောက် ထားရရှိခဲ့ကြတာဖြစ်ပါတယ်။

ရုပ်သံလိုင်းတွေက ပြန်ကြားရေးဝန်ကြီးဌာနနဲ့ တရားဝင်စာချုပ်ချုပ်ဆိုကာ ထုတ်လွင့်ခတွေ ပေးဆောင်ပြသ နေတာဖြစ်ပြီး လက်ရှိမှာ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် စစ်အစိုးရက ဘယ်လိုဆောင်ရွက်မယ် ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

သတင်း ဦးစားပေး ရုပ်သံလိုင်းတွေအနေနဲ့ ၂၄ နာရီ ပြသခွင့်က ပြန်လည်ရရှိပါ့မလား ရုပ်သိမ်းခံရမလားဆိုတာ မသေချာတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မဇ္ဈိမရုပ်သံ ယာယီအယ်ဒီတာချုပ် ဦးစိန်ဝင်းက သတင်းသမားက သတင်းအလုပ်ကိုပဲ ဖြောင့်ဖြောင့်မတ်မတ် ဆက်လုပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အာဏာသိမ်းလိုက်တဲ့ အချိန်အတွင်းမှာ ရုပ်သံလိုင်းတွေအပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း တွေကိုပါ တပြိုင်နက် ဖြတ်တောက်ထားတာဖြစ်တဲ့အတွက် နိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ သတင်းမှန်ကို သိရှိရဖို့ ပြည်သူတွေ အခက်အခဲ ဖြစ်ခဲ့ရပါတယ်။ တပ်ပိုင် မြဝတီ ရုပ်သံလိုင်း ဟာလည်း နေရာအားလုံးမှာ ဖမ်းယူကြည့်ရှုနိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။

ဆက်သွယ်မှုတွေ ဖြတ်တောက်ခံလိုက်ရတဲ့အတွက် သတင်းတွေသိရှိနိုင်ဖို့ တဆင့်စကားတွေနဲ့ပဲ သိခဲ့ရတယ် လို့ အင်းစိန်မြို့နယ်က ဦးလှမြင့်က ဆိုပါတယ်။

"မနေ့က အင်တာနက်နဲ့ ဖုန်းလိုင်းအားလုံး ပြတ်တောက်ခဲ့ပေမယ့် နေ့လယ်ပိုင်းမှာ ဖုန်းလိုင်းတချို့ ပြန်ရခဲ့ပါတယ်။ ဒါပေမဲ့ ပြတ်တောက်မှုတွေက မကြာခဏဖြစ်နေတုန်းပါပဲ။ အင်တာနက်လိုင်းကလည်း ပြန်လည်အသုံးပြုလို့ရနေပြီဆိုပေမယ့် နှေးနေပါသေးတယ်။ အစိုးရပိုင်သတင်းစာတွေဖြစ်တဲ့ ကြေးမုံ၊ မြန်မာ့အလင်း စာစောင်တွေမှာ အစိုးရအာဘော်သတင်းတွေကိုသာ ဖော်ပြလေ့ရှိတဲ့အတိုင်း စစ်တပ်က ထုတ်ပြန်တဲ့ ကြေညာချက်တွေကိုပဲ မျက်နှာဖုံးသတင်းစာမျက်နှာမှာ တွေ့ရပါတယ်။"

စစ်တပ်အာဏာမသိမ်းမီ ရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့မှာ ရွေးကောက်ပွဲကော်မရှင် UEC ကို ကန့်ကွက်ပြီး တပ်ကိုထောက်ခံတဲ့ ဆန္ဒပြသူတွေဟာ သတင်းလာရောက်ယူတဲ့ သတင်းထောက်ကိုတွေ ရန်ပြုတာတွေရှိခဲ့ ပါတယ်။

အာဏာသိမ်းသတင်း ကြေညာပြီးနောက်ပိုင်း ရန်ကုန်မြို့တွင်းမှာ စစ်တပ်ထောက်ခံသူတွေက အောင်ပွဲခံ လှည့်လည်ခဲ့ကြပြီး ပွဲမှာ သွားရောက်သတင်းယူတဲ့ Media Top 4 က သတင်းထောက်တစ်ဦး ရိုက်နှက်ခံရပြီး ရန်ကုန်ပြည်သူဆေးရုံကြီးမှာ တက်ရောက် ကုသနေရပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်း မရှိသေးကြောင်းနဲ့ သတင်းထောက်တွေ မြေပြင်မှာ သတင်းရယူရမှာ အန္တရာယ်မရှိအောင် သတိထားကြဖို့ သတင်းမီဒီယာကောင်စီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က သတိပေးပါတယ်။

လက်ရှိအချိန်မှာ နာမည်ကြီး သတင်းမီဒီယာအချို့က သတင်းထောက်တွေဟာ စစ်တပ်ဖမ်းဆီးမှာကို စိုးရိမ်ပြီး ရှောင်တိမ်းနေရတဲ့အခြေအနေမှာ ရှိနေကြသလို ပြည်တွင်းသတင်းမီဒီယာတွေမှာလည်း ဖြတ်တောက်ခံလိုက် ရတဲ့ အင်တာနက်လိုင်းကြောင့် သတင်းတင်ဆက်မှုတွေ နှောင့်နှေးခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org