ရွေးကောက်ပွဲကော်မရှင်ရဲ့ အမှားတွေအတွက် NLD အစိုးရ တာဝန်ခံဖို့ တပ်မတော်ပြော

ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို တည်ဆဲအစိုးရက မှန်မှန်ကန်ကန် ကြပ်မတ်ဖို့ လိုအပ်နေပြီလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော် ဇေယျာသီရိမြို့နယ်၊ အနော်ရထာမဲရုံ အမှတ်-၁ မှာ မဲထည့်နေစဉ်။ Photo: AFP

ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို တည်ဆဲအစိုးရက မှန်မှန်ကန်ကန် ကြပ်မတ်ဖို့ လိုအပ်နေပြီလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအကြိုကာလမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သဘောထားအဖြစ် ဒီနေ့ထုတ်ပြန်လိုက်တာပါ။


ပြည်သူတွေ လိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ဖို့အတွက် တပ်မတော်အစိုးရက ဦးဆောင် အကောင်အထည်ဖော်ခဲ့ကြောင်း၊ လက်ရှိရွေးကောက်ပွဲကော်မရှင်ဟာ ပြင်ဆင်ချိန် ၁၆၈၄ ရက်(၄ နှစ် ၇ လ ၉ ရက်) ရရှိခဲ့ပေမယ့် လက်ရှိမှာ ကြိုတင်မဲစာအိတ်တွေ၊ မဲပုံးတွေကို‌တောင် အဆင့်အတန်းမီအောင် မဆောင်ရွက်နိုင်တာ၊ ကြိုတင်မဲတွေနဲ့ ပတ်သက်လို့ တည်ဆဲဥပဒေကို ကျော်လွန်တဲ့ ကြေညာချက်တွေ ထုတ်ပြန်နေတာ တွေ့ရကြောင်း ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်တဲ့ကော်မရှင်တစ်ခု ဖြစ်ပေမယ့် သမ္မတက ဖွဲ့စည်းပေးထားတာ ဖြစ်ကြောင်း၊ လက်ရှိအစိုးရဟာ ၂၀၁၅ ရွေးကောက်ပွဲကတစ်ဆင့် နိုင်ငံတော်တာဝန်ရယူခဲ့တဲ့ အစိုးရ ဖြစ်တာကြောင့် အခု ၂၀၂၀ ရွေးကောက်ပွဲကိုလည်း ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့အညီ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း၊ ဒါပေမယ့် ကော်မရှင်ရဲ့လုပ်ရပ်တွေဟာ သံသယဖြစ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ထုတ်ပြန်ချက်တွေအတိုင်း နိုင်ငံရေးပါတီတွေ လိုက်နာအောင် ထိထိရောက်ရောက် မကြီးကြပ်နိုင်ခဲ့တဲ့အတွက် နောက်ဆက်တွဲ ဆိုးရွားတဲ့ရလဒ်တွေ ဖြစ်ပေါ်ခဲ့ကြောင်း၊ အခုလို ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ရဲ့ ရိုးရိုးသားသား အမှားတွေ၊ ရည်ရွယ်ချက်ရှိတဲ့ မှားယွင်းမှုအားလုံးအတွက် အစိုးရက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ကြီးကြပ်ဖို့ တာဝန်ရှိကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောဆိုထားပါတယ်။

Covid-19 ကပ်ရောဂါကြောင့် ဖိစီးမှုတွေ မြင့်တက်နေပေမယ့် ပြည်သူလူထုဟာ အခက်အခဲတွေကြားကနေ အပြောင်းအလဲတစ်ရပ် ဖြစ်လာစေဖို့ မျှော်လင့်ချက်နဲ့ မဲပေးဖို့ ပြင်ဆင်နေကြောင်း၊ ပြည်သူလူထုမျှော်လင့်သည့်အတိုင်း လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့အတွက် ကော်မရှင်နဲ့အတူ အပြန်အလှန်တာဝန်ခံရတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာလည်း တာဝန်ရှိကြောင်း... ဆိုပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သဘောထားကို ထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ... လက်ရှိအစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင် (၂) ဖွဲ့နဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ) လို့ နာမည်ပြောင်းလဲ ကျင်းပခဲ့ပေမယ့် ငြိမ်းချမ်းရေးအတွက် သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ မရသေးဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နောက်ထပ် ‌ကြေညာချက်တစ်စောင် ဒီညမှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့က ငြိမ်းချမ်းရေးနှောင့်နှေးအောင် နှောင့်ယှက်ဖိအားပေးနေတဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ မိမိတို့နဲ့ မသက်ဆိုင်တဲ့နေရာတွေကနေ အမြန်ဆုံးပြန်လည်ထွက်ခွာကြဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို NCA လမ်းကြောင်းနဲ့အညီ ဆောင်ရွက်ဖို့ တပ်မတော်က ဖိတ်ခေါ်တိုက်တွန်းကြောင်းလည်း အဲဒီထုတ်ပြန်ချက်မှာ ‌ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org