သံချပ်အဖွဲ့ဝင်လေးဦးကို ပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်တရားစွဲ
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုဒီရေနဲ့ မဆုရတနာမြင့် တို့လေးဦးကို ဆက်သွယ်ရေးအက်ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်က တရားစွဲဆိုလိုက်ပါတယ်။
-
2019-04-15 -
-
-
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုဒီရေနဲ့ မဆုရတနာမြင့် တို့လေးဦးကို ဆက်သွယ်ရေးအက်ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်က တရားစွဲဆိုလိုက်ပါတယ်။
မင်္ဂလာဒုံမြို့နယ်က ဘောလုံးကွင်းမှာ သံချပ်ဖျော်ဖြေဖို့ ရောက်လာချိန်မှာ ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပြီးနောက် အဖွဲ့ဝင်လေးဦးကို မရမ်းကုန်းမြို့နယ ်ရဲစခန်းမှာ တရားစွဲဆိုထားကြောင်း အသိပေးပြီး ဖမ်းဆီးဖို့ စောင့်ဆိုင်းနေတာလို့ တရားစွဲခံရသူ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ တနင်္လာနေ့ညက မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက်က ဘောလုံးကွင်းမှာ ဖျော်ဖြေဖို့ ရောက်ရှိလာချိန် ရဲအင်အားအလုံးအရင်းနဲ့ အဝိုင်းခံခဲ့ရတဲ့ အကြောင်း ဖြစ်စဉ်ကို တရားစွဲခံရသူတဦးဖြစ်တဲ့ ကိုပိုင်ရဲသူက RFA ကို အခုလို ပြောပြပါတယ်။
“ကျနော်တို့ ကြံခင်းစုဘောလုံးကွင်းထဲမှာ ဖျော်ဖြေဖို့အတွက် ကျနော်တို့ သံချပ်အဖွဲ့ကားကြီး ဆိုက်လိုက်တဲ့အချိန်မှာ ရဲတွေအများကြီးပဲ သေနတ်တွေ ပါပါတယ်။ ကျနော်တို့ကားကို ဝိုင်းထားတယ်။ ဝိုင်းထားပြီးတော့ သံချပ်ခေါင်းဆောင် ဘယ်သူလဲဆိုတာကို လာပြောပါတယ်။ လူတွေလည်း ရုန်းစုရုန်းစုတွေ ဖြစ်နေကြတယ်။ ကျနော်တို့ကို လာခေါ်ပြီးတော့ စစ်တပ်ကနေ တရားစွဲထားကြောင်း လာပြောပါတယ်။ အဲဒီ အတွက်ကြောင့် စစ်ချက်ယူစရာရှိတဲ့အတွက် လိုက်ခဲ့ပါဆိုပြီး ပြောတယ်။ ကျနော်တို့အနေနဲ့ သံချပ်ဖျော်ဖြေစရာ ရှိတဲ့အတွက် လောလောဆယ် မလိုက်နိုင်သေးဘူးလို့ ပြောတော့ သံချပ်ဖျော်ဖြေပြီးသွားရင်တော့ သူတို့ ခေါ်သွားမယ့်အကြောင်း ကျနော်တို့ကို ပြောပါတယ်”
ဒီကိစ္စနဲ့ပတ်သက်ပြီး မရမ်းကုန်းမြို့မရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတာ မှန်ပေမယ့် အမိန့်မရသေးတဲ့အတွက် ပြောလို့မရသေးကြောင်း ပြောပါတယ်။
ဘယ်သူက တရားလိုလုပ်ပြီး ဘယ်အချက်ကို တရားစွဲဆိုသလဲဆိုတာ အတိအကျမသိရသေးသလို၊ ဒီကိစ္စအပေါ် သံချပ်အဖွဲ့က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကိုပိုင်ရဲသူက ပြောပါတယ်။ ဒါ့အပြင် အခုလို သံချပ်ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခံရတဲ့အပေါ် သူ့အမြင်ကိုလည်း ကိုပိုင်ရဲသူက ပြောပြပါတယ်။
“သံချပ်ဆိုတာက လွတ်လပ်စွာ ပြောဆိုခွင့်ပါ။ ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့ ကျနော်တို့နိုင်ငံဟာ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာက မဖြစ်မနေ ရှိကိုရှိသင့်တဲ့အရာတခု၊ ဒီမိုကရေစီက ပေးတဲ့ အခွင့်အရေးတခုပါ။ အဲဒီအခွင့်အရေးကို ဆင်ဆာဆိုတာမျိုးနဲ့ ပိတ်တာကတော့ ရုပ်ပျက်ပါတယ်။ အခုလောလောဆယ် ဆင်ဆာနဲ့ ပတ်သက်လို့ တရားစွဲတာမရှိသေးပေမဲ့ စစ်တပ်ကတော့ စ စွဲပြီပေါ့”
အခုလို တရားမစွဲခင်ကလည်း သံချပ်ဆင်ဆာမတင်ထားတဲ့ အိုးဝေသံ၊ ဒေါင်းတို့မျိုးဆက်၊ ကျောင်းနံရံနဲ့ ဒို့အသံ သံချပ် ၄ ဖွဲ့ဟာ မဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့် တားမြစ်ခံရတာတွေ ရှိခဲ့တာပါ။ ရန်ကုန်တိုင်းအစိုးရကလည်း သံချပ်အဖွဲ့တွေကို ဆင်ဆာတင်ဖို့နဲ့ မတင်တဲ့အဖွဲ့တွေကို မဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့်မပေးဖို့ ညွှန်ကြားထားတဲ့ အကြောင်း သံချပ်အဖွဲ့တွေက ပြောပါတယ်။
သံချပ်ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး ဒီနှစ်မှာ ပိုပြီး တင်းကျပ်လာခဲ့တာပါ။ အရင်နှစ်တွေကတော့ ဆင်ဆာမတင်တဲ့ သံချပ်အဖွဲ့တွေဟာ မဏ္ဍပ်တချို့မှာသာ ပြိုင်ပွဲဝင်ခွင့်မရှိပေမဲ့ ဖျော်ဖြေခွင့်ပေးခဲ့တာဖြစ်ပါတယ်။