ဆွီဒင်နိုင်ငံလုပ် လက်နက်တွေ မြန်မာအစိုးရ စစ်တပ်ဆီ ရောက်ရှိနေ

မြန်မာအစိုးရစစ်တပ် လက်ထဲရောက်ရှိသုံးစွဲနေတဲ့ ဆွီဒင်နိုင်ငံလုပ် တင့်ကားဖျက် ရိုင်ဖယ်တွေဟာ အိန္ဒိယ စစ်တပ်ကို မိမိတို့ရောင်းချလိုက်တဲ့ လက်နက်တွေဖြစ်ကြောင်း ဆွီဒင်နိုင်ငံက မနေ့က ပြောလိုက်ပါတယ်။

တောနယ်ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရတပ်ဖွဲ့တစ်ဖွဲ့ကို တွေ့ရစဉ် Photo: AFP

ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA နဲ့ အစိုးရတပ်တွေ တိုက်ခိုက်နေတဲ့ ကချင်ပြည်နယ်မှာ အစိုးရတပ်ဆီက ကျန်ရစ်ခဲ့တဲ့ လက်နက်တွေကို မြန်မာ အလွတ်သတင်းထောက်တစ်ဦးက ဓါတ်ပုံ ရိုက်ယူခဲ့ရာမှာ ဆွီဒင်နိုင်ငံလုပ် Carl Gustaf M3 အမျိုးအစား တင့်ကားဖျက်ရိုင်ဖယ်တွေ နဲ့ ကျည်ဆန်တွေ ပါဝင်နေတာတွေ့ရပါတယ်။ ဓါတ်ပုံတစ်ပုံမှာ လက်နက်ပေါ်က ထုတ်လုပ်တဲ့ အမှတ်စဉ်နံပါတ်ကိုပါ ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။

ဆွီဒင်သတင်းမီဒီယာတွေပေါ်မှာ အဲဒီဓါတ်ပုံတွေ ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက် ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေးဌာနက လက်နက်တွေ မြန်မာစစ်တပ်ဆီကို ဘယ်ကနေရောက်ရှိခဲ့သလဲဆိုတာ စုံစမ်းစစ်ဆေးနေပြီလို့ပြောဆိုခဲ့ပါတယ်။

ဥရောပသမဂ္ဂ EU ဟာ မြန်မာအစိုးရကို စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ အားလုံးနီးပါး ဖြေလျှော့ပေးခဲ့ပေမဲ့ လက်နက်အရောင်းအဝယ်ကိစ္စကိုတော့ဆက်လက်ထားရှိပါတယ်။

ဥရောပသမဂ္ဂ က အရေးယူပိတ်ဆို့ထားတဲ့ကြားက အခုလို ဆွီဒင်လက်နက်တွေ မြန်မာအစိုးရစစ်တပ်ဆီ ရောက်ရှိသွားတဲ့အပေါ် ရှင်းလင်းဖို့ အိန္ဒိယအစိုးရကို တောင်းဆိုထားတယ်လို့ ဆွီဒင် ကုန်သွယ်ရေးဝန်ကြီး Ewa Bjorling က မနေ့က လွှတ်တော် မှာပြောကြားခဲ့ပါတယ်။

ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေးဌာန ပြောခွင့်ရသူကလည်း အခုလို  မဆိုင်တဲ့သူတွေရဲ့ လက်ထဲ ဆွီဒင်လက်နက်တွေ ရောက်သွားတာမျိုး အရင်က မဖြစ်ခဲ့ဖူးဘူးလို့ ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org