တပ်နဲ့ TNLA ကြား ၁၅ ရက်အတွင်း တိုက်ပွဲအကြိမ် ၃၀ နီးပါးဖြစ်ပွား
ရှမ်းပြည်မြောက်ပိုင်းမှာ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ တပ်မတော်ကြား ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း အကြိမ် ၃၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ TNLA က ပြောပါတယ်။
-
2017-05-13 -
-
-
ရှမ်းပြည်မြောက်ပိုင်းမှာ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ တပ်မတော်ကြား ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း အကြိမ် ၃၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ TNLA က ပြောပါတယ်။
မန်တုံမြို့နယ်ဘက်မှာ တိုက်ပွဲတွေ တစ်နေ့ကို လေးကြိမ်လောက်အထိဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိတယ်လို့ TNLA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။
"တိုက်ပွဲကတော့ နေ့တိုင်းဆက်တိုက်ဆိုသလိုဖြစ်နေတယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူ မြို့နယ်၊ မိုးမိတ်မြို့နယ် အများဆုံးဖြစ်တာက မန်တုံဘက်မှာပေါ့၊ တပ်မ ၈၈ လည်းပါတယ်၊ တပ်မ ၃၃ တွေလည်းရှိတယ်၊ နယ်မြေခံတပ်တွေလည်းရှိတယ်၊ ဧပြီ ၂၉ ကနေ ဒီနေ့အထိ လုံးဝမဖြစ်တဲ့နေ့ တစ်ရက်နှစ်ရက်လောက်ပဲရှိတယ် တောက်လျှောက်လိုဖြစ်တယ်၊ ဒီနေ့အထိ တိုက်ပွဲပေါင်း အကြိမ် ၃၀ နီးပါးလောက်ကိုရှိတယ်၊ ထိခိုက်ကျဆုံးမှုကတော့ နှစ်ဖက်လုံးရှိတယ်၊ အသေးစိတ်ကတော့ မသိရသေး ဘူး"
ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကတည်းက အစိုးရတပ်မတော်နဲ့ TNLA တို့ စတင်တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး တပ်မတော်ဘက်က တောက်လျှောက်ထိုးစစ်ဆင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေတယ် လို့လည်း ပြောပါတယ်။
တပ်မတော်နဲ့ TNLA ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သာမာန်အရပ်သားတွေပါ ထိခိုက်သေဆုံးမှု ရှိနေပါတယ်။
ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကလည်း နမ့်ခမ်းမြို့နယ်၊ နမ့်ဟွမ်ရွာနားမှာ တပ်မတော်နဲ့ TNLA ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး နမ့်ဟွမ်ရွာထဲကို လက်နက်ကြီးကျခဲ့တဲ့အတွက် အသက် ၇၀ ဝန်းကျင် အဖွားအိုတစ်ယောက် သေဆုံးခဲ့ပါတယ်။
TNLA ဟာ တပ်မတော်နဲ့ စစ်ရေးတင်းမာနေတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်ပြီး အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးဘဲ UWSA ၀ တပ်ဖွဲ့ရဲ့ ဦးဆောင်မှု နဲ့ နိုင်ငံရေးဆွေးနွေးဖို့ ဆုံးဖြတ်ထားတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။