တပ်မတော်ကို ဝေဖန် တဲ့ ဆွေးနွေးမှု လွှတ်တော် မှတ်တမ်းမှာ ဖျက်စေလို

လာမယ့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ အကောင်အထည်ဖော်မယ့် အမျိုးသား စီမံကိန်း ဥပဒေကြမ်းအပေါ် ပြီးခဲ့တဲ့ရက်ပိုင်းက ဆွေးနွေးရာ မှာ တပ်မတော်ရဲ့စီမံကိန်းတွေကို ဝေဖန်ခဲ့တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို ရဲ့ ဆွေးနွေးချက်တွေကို ကန့်ကွက်ကြောင်း တပ်မတော်သား အစုအဖွဲ့က ပြည်ထောင်စုလွှတ်တော်နာယကထံ ဒီနေ့ စာတင်သွင်းလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်

လာမယ့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှာ အကောင်အထည်ဖော်မယ့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းအပေါ် ပြီးခဲ့တဲ့ ရက်ပိုင်းက ဆွေးနွေးရာမှာ တပ်မတော်ရဲ့စီမံကိန်းတွေကို ဝေဖန်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအောင်မိုးညိုရဲ့ ဆွေးနွေးချက်တွေကို ကန့်ကွက်ကြောင်း တပ်မတော်သားအစုအဖွဲ့က ပြည်ထောင်စု လွှတ်တော် နာယကထံ ဒီနေ့ စာတင်သွင်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့က အမျိုးသားစီမံကိန်းဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦး ပါဝင်ဆွေးနွေးခဲ့တာဖြစ်ပြီး ဒေါက်တာအောင်မိုးညိုရဲ့ ဆွေးနွေးချက်တွေဟာ အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သရေကို ထိခိုက်စေတဲ့အတွက် ကန့်ကွက်ကြောင်းနဲ့ အဲဒီဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ တင်ပြတာဖြစ်တယ်လို့ တပ်မတော်သားအစုအဖွဲ့က ပေးပို့တဲ့စာပါ အချက်တွေကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်မှာ ဖတ်ကြားခဲ့ပါတယ။်

"တပ်မတော်အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေးရာတွင် လယ်ယာမြေ သိမ်းဆည်းခံရသူများ၏ လျော်ကြေး ကိစ္စ၊ တပ်မတော် အထည်စက်ရုံများအတွက် ကုန်ကြမ်းစိုက်ပျိုးသည့် တပ်မတော် ဝါစိုက်ပျိုးရေးတပ်နဲ့ တပ်မတော် များ၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျှက်ရှိသော မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်တို့အား သတင်းမှန်သိရှိခြင်းမရှိဘဲ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိပါးပြောဆိုမှုများရှိခဲ့ရာ ပြည်ထောင် စုလွှတ်တော်နာယကက အဖွဲ့အစည်းသိက္ခာကျတဲ့ စကားလုံးတွေမသုံးပါနဲ့ နောက်ဆုံးအကြိမ် သတိပေးတာပါဟု ထိရောက်စွာဟန့်တားခဲ့သည့်အတွက် တပ်မတော်ကဏ္ဍမှာ ဆက်လက်ဆွေးနွေးခြင်းမရှိပါ၊ ဒေါက်တာအောင်မိုး ညိုရဲ့ ဆွေးနွေးချက်များသည် အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သရေကို ထိခိုက်သော ဖော်ပြချက်များပါရှိနေခြင်းကြောင့် နည်းဥပဒေပုဒ်မ ၄၃(ဃ)ကို ဖောက်ဖျက်ကြောင်း သိရှိရပါသည်၊ သို့ပါ၍ ဒေါက်တာအောင်မိုးညိုရဲ့ ဆွေးနွေးချက် များအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ကန့်ကွက်ပါကြောင်းနဲ့ ယင်းဆွေးနွေးခဲ့တဲ့ ကာကွယ်ရေးအခန်းကဏ္ဍနဲ့ ပတ်သက်သည့် ဆွေးနွေးချက်များအား လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးပါရန် တင်ပြအပ်ပါသည်ဆိုပြီး ကန့်ကွက်လွှာပို့ပါတယ်"

တပ်မတော်သားအစုအဖွဲ့က အခုလိုတင်ပြတာကို လက်ခံတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအောင်မိုးညိုက ပြောပါတယ်။

"သူတို့က တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလို့ အသုံးအနှုန်း ပြင်းပြင်းထန်ထန်လေးတွေကို ပြင်ပေးပါတဲ့၊ ဒီလွှတ်တော်မှတ်တမ်းမှာ ပါမှာစိုးလို့ပေါ့လေ၊ မှတ်တမ်းဆိုတာ စာအုပ်ကြီးတွေပေးတာပေါ့၊ ကျနော်သဘောတူလိုက်ပါတယ်"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ရက်နေ့က ဆွေးနွေးရာမှာ ဒေါက်တာအောင်မိုးညိုက တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က စီးပွားရေးလုပ်ငန်းကြီးတွေမှာ ပါဝင်နေတာတွေ၊ တပ်မတော်ရဲ့ စီမံကိန်းလုပ်ဆောင်ချက်တွေ ဟာ အောက်ခြေတပ်မတော်သားတွေရဲ့ လူမှုစီးပွားဘဝအတွက် အထောက်အကူမပြုတာတွေ၊ လယ်ယာမြေ သိမ်းယူခံရမှုတွေမှာ တပ်မတော် ပါဝင်နေတာတွေကို ထောက်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ ပြည်ထောင်စုလွှတ်တော် နာယယက သူရဦးရွှေမန်းက ဒေါက်တာအောင်မိုးညိုရဲ့ ဆွေးနွေးချက်တွေ မှာ အဖွဲ့အစည်းတစ်ခု သိက္ခာကျတဲ့စကားလုံး အသုံးအနှုန်းတွေကို ထည့်သွင်း မဆွေးနွေးဖို့ သတိပေးခဲ့ပါတယ်။

ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ တာဝန်ရှိသူတွေရဲ့ ဆွေးနွေးမှုတွေကို လွှတ်တော်မှတ်တမ်းမှာ ထည့်သွင်းလေ့ ရှိပါတယ်။ အဲဒီမှတ်တမ်းထဲမှာ ဒေါက်တာအောင်မိုးညိုရဲ့ ဆွေးနွေးချက်တွေကို မထည့်သွင်းဖို့ တပ်မတော်သား အစုအဖွဲ့က တင်ပြတာကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သဘောတူလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org