ကရင် DKBA နှင့် စစ်အစိုးရတပ်များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား
ကရင် ဗုဒ္ဓဘာသာ ဒီကေဘီအေ တပ်တွေနဲ့ စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် - စကခ ၁၂ လက်အောက်ခံ တပ်ရင်းတွေ ဒီနေ့ ဇန်နဝါရီ ၁၁ ရက် မနက် ဖလူး၊ ဝေါလေနဲ့ စုကလီး နယ်မြေတွေမှာ တိုက်ပွဲ ၂ ကြိမ် ပြင်းထန်စွာ ဖြစ်ခဲ့တယ်လို့ ဒီကေဘီအေ တပ်မှူးက ပြောပါတယ်။
-
2011-01-11 -
-
-
ဒီနေ့မနက် ၈ နာရီနဲ့ ညနေပိုင်း ၂ နာရီလောက်မှာ ဒီကေဘီအေ တပ်မဟာ ၅ ၊ ကရင်အမျိုးသား အစည်းအရုံး KNLA တပ်ရင်း ၁၀၁ ၊ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် တပ်တွေ နဲ့ စစ်အစိုးရ စကခ ၁၂ လက်အောက်ခံ တပ်ရင်း ၃၅၇၊ ၅၄၅ အစရှိတဲ့ တပ်တွေဟာ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ဖြစ်တဲ့ တိုက်ပွဲနဲ့ မနေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အတွင်းမှာ စစ်အစိုးရဖက်က အကျအဆုံး များပြီး ဒီကေဘီအေက ၂ ဦး ဒဏ်ရာရတယ်လို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးချုပ် စောလားပွယ်က RFA ကို ပြောပါတယ်။
မနေ့က ဖြစ်တဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်အစိုးရတပ်တွေက အကျဉ်းထောင်သားတွေကို ငါးယောက် တတွဲနဲ့ ရှေ့ကနေ အတင်း တိုက်ခိုင်းတဲ့အတွက် အကျဉ်းသားတွေလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ ဗိုလ်မှူးချုပ် စောလားပွယ်က ပြောပါတယ်။
“အဲဒီမှာ အကျဉ်းသားတွေကို သူတို့က အတင်း တက်ခိုင်းတာပေါ့လေ။ ငါးယောက်တတွဲ ငါးယောက်တတွဲနဲ့ အဲလိုမျိုး ရှေ့မှာ ထိုးထည့်ပြီးတော့ သူတို့ အကျဉ်းသားရဲ့ နောက်ဖက်ကို သူတို့က လိုက်လာတာပေါ့။ ကာဗာ ယူတာပေါ့။ အဲဒီ အကျဉ်းသားတွေကို သူတို့က ကာဗာယူပြီးတော့မှ သူတို့ တက်လာတာပေါ့နော်။ အဲဒီမှာ တက်တဲ့အခါကျတော့ ကျွန်တော်တို့က ခုခံပြီး ပြန်တိုက်တာပေါ့နော်။”
ထိုင်းအစိုးရ သတင်းဌာန MCOT က ဒီကနေ့ ထုတ်ပြန်တဲ့ သတင်းအရ ဒီကေဘီအေ နဲ့ မြန်မာစစ် အစိုးရတပ်တွေ တိုက်ပွဲကြောင့် ဒီနေ့ ထိုင်းနိုင်ငံအတွင်းကို လက်နက်ကြီး ကျည်ဆံတွေ ကျခဲ့တယ်လို့ သိရပါတယ်။ ထိုင်း မြန်မာ နယ်စပ်အနီးက ထိုင်းရွာတရွာမှာ လက်နက်ကြီးကျည်ဆံ ၁၁ လုံးလောက် ကျခဲ့တဲ့အတွက် အဲဒီ ထိုင်းရွာသားတွေက ထိုင်းစစ်တပ်ကို အကူအညီတောင်းပြီး ဖယ်ရှားခိုင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။