ထန်တလန် CB ဘဏ်က စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း CNF ပြော

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က CB ဘဏ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ခြောက်ဦးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်း ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ထန်တလန် (CDF) အဖွဲ့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ဖမ်းဆီးခဲ့တယ်လို့ CNF ပြောရေးဆိုခွင့်ရှိ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ထန်တလန် (CDF) အဖွဲ့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ဖမ်းဆီးခဲ့သည့် ထန်တလန်မြို့၊ CB ဘဏ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က CB ဘဏ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ခြောက်ဦးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်း ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ထန်တလန် (CDF) အဖွဲ့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ဖမ်းဆီးခဲ့တယ်လို့ CNF ပြောရေးဆိုခွင့်ရှိ ဆလိုင်းထက်နီက RFA ကိုပြောပါတယ်။

"ကျနော်တို့ CNF အဖွဲ့နဲ့ ထန်တလန် CDF ပူပေါင်းတပ်ဖွဲ့က ဒီမနက်မှာ ထန်တလန်မြို့ CB ဘဏ်မှာ ခြေကုပ်ယူနေတဲ့ စစ်ကောင်စီတပ်သား ခြောက်ဦးကို လျှပ်တစ်ပြက် တိုက်ခိုက်ခဲ့ပြီး အငိုက်အမိဖမ်းဆီးခဲ့တယ်။ စစ်တပ်က နှစ်ပွင့်ဗိုလ်အပါအဝင် နှစ်ယောက်၊ ရဲလေးယောက် ဖမ်းဆီနိုင်ခဲ့တယ်"

သေနတ်ခုနစ်လက်နဲ့ မော်တာဗုံးသီးရှစ်လုံးပါ သိမ်းဆည်းရမိခဲ့ပြီး CNF နဲ့ ထန်တလန် CDF တပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘူးလို့လည်း ဆလိုင်းထက်နီက ဆိုပါတယ်။

အဲဒီနောက်ပိုင်း ထန်တလန်မြို့က ဒေသကာကွယ်ရေးတပ်တွေ ရှိနိုင်တဲ့နေရာတွေကို စစ်ကောင်စီတပ်က Mi35 တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားခြောက်ဦးကို CNF ရဲ့ စစ်စည်းမျဉ်းစည်းကမ်းနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org