NLD ကို ထောက်ခံအင်အားပြတဲ့ ရွှေလီရောက် မြန်မာနိုင်ငံသား ကိုးရာကျော် ပြန်လွတ်လာ

သက်စုအောင်၊ သီဟထွန်း
2020.10.09

NLD ပါတီအင်္ကျီတွေ  ဦးထုတ်တွေ နဖူးစည်းတွေ ဝတ်ဆင်ထားတဲ့ တရုတ်နိုင်ငံ ရွှေလီနဲ့ ကျယ်ဂေါင်မြို့က မြန်မာရွှေ့ပြောင်းလုပ်သား ၉၀၄ ဦးဟာ၊ အောက်တိုဘာ ၈ ရက် မနက် ၉ နာရီကနေ နေ့လယ် ၁၂ ခွဲအထိ၊ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ မနောကွင်းမှာ စုရပ်လုပ်ပြီး  ဆိုင်ကယ်အစီးရေ ၂၀၀ ဝန်းကျင်နဲ့ ကျယ်ဂေါင်မြို့ ကနေ ရွှေလီမြို့ကို အသွားအပြန် စီတန်းလှည့်လည်ခဲ့ကြတာပါ။

အင်အားပြလှည့်လည်ခဲ့တဲ့  ၉၀၄ ယောက်စလုံးကို ရွှေလီမြို့က ဆီကိုင်အကျဉ်းထောင်မှာ အောက်တိုဘာ ၈ ရက်နေ့ မနေ့ နေ့လယ် တစ်နာရီလောက်က ဖမ်းဆီးထားခဲ့တာပါ။ ထောင်ထဲမှာ ၁၂ နာရီကြာ ဖမ်းဆီးထားခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၉ ရက်မနက် တစ်နာရီလောက်မှာတော့ အဲဒီထဲက ခေါင်းဆောင် သုံးယောက်ကို ဆက် လက်ဖမ်းဆီးထားပြီး အလုပ်သမား ၉၀၁ ယောက်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ဦးဆောင်သူ သုံးယောက်ကို အဲဒီထောင်မှာပဲ ၁၅ ရက်ကြာ ထိန်းသိမ်းထားမှာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းလုပ်သား ကိစ္စနဲ့ပတ်သက်ပြီး ယူနန်ပြည်နယ် ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော် က တဆင့် ရွှေလီမြို့ပြည်ပရေးရာ ဌာနတို့နဲ့ ဆက်သွယ်ညှိနှိုင်းဖြေရှင်းခဲ့တဲ့အတွက် ခေါင်းဆောင် သုံးဦးကလွဲပြီး အဖမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွှန့်လွင်က RFA ကို ပြောပါတယ်။

"ကျနော့်ကို မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးကတော့ လှမ်းအကြောင်းကြားတာ မနက်ကြီးကတော့ လွတ်လာပြီလို့ ပြောပါတယ်၊ Confirm လှမ်းလုပ်ပေးပါတယ်။ ဘာပဲပြောပြောပေါ့။ ဘယ်ပါတီကို ထောက်ခံသည်ဖြစ်စေ ကျနော်တို့က အစိုးရဖြစ်တဲ့အခါကျတော့ ကိုယ့်နိုင်ငံသားဆိုတာ ကျနော့်မှာ တာဝန်ရှိတဲ့အတွက် ထောင်ထဲမှာ စီကိုင်ထောင်ထဲမှာ ထည့်ပစ်တော့ ချက်ချင်း ကျနော် ဆောင်ရွက်ခဲ့ပါတယ်။ ဒါကို ယူနန်ပြည်နယ် ကောင်စစ်ဝန်ချုပ်နဲ့ ကျနော်ချိတ်ဆက်ပြီးတော့ ဒါကို အမြန်ဆုံး ဆောင်ရွက်ဖို့ သူ့ကို ညွှန်ကြားပါတယ်။ ချက်ချင်းဆောင်ရွက်လိုက်တဲ့အခါ ရွှေလီအစိုးရနဲ့ တရားဝင်စာပို့ပြီးတော့ မနေ့က ဆောင်ရွက်လိုက်တာ ညပိုင်း လွှတ်ပေးတယ်လို့ကြားတယ် အဆင်ပြေသွားတယ်လို့ ပြောရမှာပေါ့လေ။"

ဦးဆောင်သူ သုံးယောက်ကိုတော့ တရုတ်အစိုးရက ၁၅ ရက် ထိန်းသိမ်းထားတယ်လို့  ဦးစိုးညွန့်လွင်က ပြောပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ရွေးကောက်ပွဲမှာ မဲပေးခွင့်မရတာကြောင့်၊ စိတ်ခံစားချက်တွေ ဖြစ်ပေါ်ပြီး စီတန်းလှည့်လည်မှု ပေါ်ပေါက်ခဲ့ရတဲ့အတွက် တရုတ်အစိုးရက နားလည်ခွင့်လွှတ်ပေးဖို့ ရှမ်းပြည်နယ်အစိုးရ ဘက်က ယူနန်ပြည်နယ် တာဝန်ရှိသူတွေကို တောင်းဆိုခဲ့တာလို့ ဦးစိုးညွန့်လွင်က ပြောပါတယ်။

ရွှေလီမှာရှိတဲ့ မြန်မာလုပ်သားတွေဟာ တရားမဝင်အလုပ်သမားတွေဖြစ်နေတဲ့အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့် အခက်ကြုံနေရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုပြန်ပြီး မဲပေးဖို့မှာလည်း၊ မဲပေးပြီးပြန်လာရင် ရွှေလီမှာ ကပ်ရောဂါကာကွယ်ရေးအတွက် တင်းကျပ်မှုတွေရှိတာကြောင့်၊ အခုလို နေရပ်မပြန်ဘဲ ရွှေလီမှာတင် မဲပေးခွင့်ရဖို့ ကြိုးပမ်းခဲ့တာလို့ မြန်မာ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုကျော်က RFA ကို ရှင်းပြပါတယ်။

"မနေ့က ညက တရုတ်နာရီ သုံးနာရီခွဲလောက်မှာ ကျနော်တို့ ပြန်လွတ်လာတယ်၊ မြန်မာနာရီနဲ့ဆို နှစ်နာရီလောက်ပေါ့၊ ကျနော်တို့က မဲထည့်ချင်တာခင်ဗျ။ ထည့်ခွင့်က ရှင်းရှင်းပြောရရင် ပြည်ပမှာ ရောက်နေတဲ့အတွက် ထည့်ပိုင်ခွင့်မရှိဘူး ခင်ဗျ၊ ထည့်ပိုင်ခွင့်မရှိဘူးဆိုတာက အနေဝေးနေတဲ့အတွက် ထည့်လို့က၊ ထည့်ချင်တာ စိတ်အားထက်သန်ပြီးရင် ဒါက ထည့်ချင်တဲ့ဆန္ဒတွေ ရှိကြတယ်။ ရှင်းရှင်းပြောရရင် မဲထည့်ချင်တဲ့ဆန္ဒပြင်းပြလို့ အကုန်တောင်းဆိုကြတာခင်ဗျ၊ ရှင်းရှင်းပြောရရင်တော့ ဘယ်သူမဆို ကိုယ်ချစ်တဲ့ပါတီကိုတော့ မဲထည့်ချင်ကြတာပေါ့။"

တရုတ်ရဲတွေက လူတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့်၊ ဆိုင်ကယ်တွေကို သိမ်းဆည်းထားတဲ့အတွက် ဆိုင်ကယ်ထဲမှာ ထည့်ထားတဲ့ မြန်မာနိုင်ငံသားမှတ်ပုံတင်တွေနဲ့ ရွှေလီကျယ်ခေါင်မှာ နေထိုင်ခွင့် စာရွက်စာတမ်းတွေပါ ပါသွားတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့လည်း ကိုကျော်က ပြောပါတယ်။

မြန်မာအလုပ်သမားတွေ မဲပေးခွင့် မရတဲ့ကိစ္စ၊ အလုပ်သမားခေါင်းဆောင် သုံးဦး အဖမ်းခံထားရတဲ့ ကိစ္စတွေကို ဘယ်လိုကူညီဖြေရှင်းပေးနေသလဲဆိုတာ သိနိုင်ဖို့အတွက်၊  တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားမဲ့သူ မရှိပါဘူး။ အီးမေးလ်ကတစ်ဆင့် စာရေးမေးမြန်းထားပေမယ့် အခုချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

ဒါ့အပြင် အလုပ်သမား သုံးဦး အဖမ်းခံထားရတဲ့ကိစ္စနဲ့ ယူနန်ပြည်နယ်က မြန်မာအလုပ်သမားတွေ မဲပေးခွင့်ရရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ရန်ကုန်ရှိ တရုတ်သံရုံးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေကြားပါဘူး။ ဒါ့ကြောင့် အီးမေးလ်နဲ့ ဆက်သွယ်ပြီး စာရေးမေးမြန်းထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဖုန်းနဲ့ဆက်သွယ်ရာမှာ လက်ခံဖြေကြားခြင်းမရှိတဲ့အတွက် အီးမေးလ် ကနေတဆင့် မေးခွန်းပေးပို့မေးမြန်းထားပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ ရွှေလီမြို့မှာ တရုတ်အစိုးရက အခုရက်ပိုင်းထိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကို အရှိန်မြင့်ဆောင်ရွက်နေပြီး၊ လူစုလူဝေးမလုပ်ဖို့ တင်းကျပ်ထားတယ်လို့ သိရပါတယ်။

ဒီလိုတင်းကျပ်ထားချိန်မှာ အခုလို မြန်မာအလုပ်သမားတွေက လူစုလူဝေးနဲ့ အင်အားပြခဲ့တဲ့အတွက် တရုတ်အစိုးရက ဖမ်းဆီးတာဖြစ်တယ်လို့ တရုတ်နိုင်ငံမှာနေထိုင်တဲ့ တရုတ်-မြန်မာအရေး လေ့လာသူ ဒေါက်တာ လှကျော်ဇော ပြောပါတယ်။

"ကျမတို့ ဗမာပြည်သားတွေကတော့ NLD ကိုထောက်ခံတယ်ဆိုတာတော့ သူတို့ စိတ်ဆန္ဒတော့ရှိတာပေါ့၊ ဒါပေမဲ့ ရွှေလီမှာက ဟိုတလောကတင် သူတို့ Lock down လုပ်ထားတာလေ ခုနှစ်ရက်လုံးလုံး ပိတ်ထားတာ၊ ပြီးတော့ တစ်မြို့လုံးကို ပိတ်ပြီးတော့ ဗမာတွေရော ဘာတွေရော အကုန်လုံးကို အခမဲ့ စစ်ပေးတာ နှစ်သိန်းကျော်၊ သူတို့က တော်တော် တည်ငြိမ်အောင် လုပ်နေရတာဖြစ်တယ်လေ။ အဲဒါကို ကျမတို့ ဗမာ အလုပ်သမားတွေက သိပ်မလိုက်နာတာကြတော့ ဖမ်းပစ်လိုက်တာပေါ့။"

NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာ အောင်ရှင်ကတော့ အခုလို ပါတီဝန်းရံအင်အားပြပြီး ဆန္ဒ ဖော်ထုတ်လိုက်တဲ့အတွက်၊ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေအနေနဲ့ သိရှိသွားပြီး ကြိုတင်မဲတွေ စီစဉ်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

"အခုလိုဆန္ဒဖော်ထုတ်လိုက်တာက ပိုကောင်းတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီလိုလူတွေ ဒီလိုရှိနေတယ်ဆိုတာ သိရတာပေါ့လေ၊ သိရတော့ ကျနော်တို့ဆီက သက်ဆိုင်ရာ တာဝန်ရှိသူ ဒီဟာကို သူတို့ကို ကြိုတင်မဲတွေ ပေးနိုင်အောင်ပေါ့နော်။ ကြိုတင်မဲတွေပေးနိုင်အောင် အထူးသဖြင့်တော့ မူဆယ်ပေါ့၊ မူဆယ်မှာ ကြိုတင်မဲတွေ ပေးနိုင်အောင် စီစဉ်ပေးနိုင်ရင်တော့ ပိုကောင်းတယ်လို့ပဲ ကျနော် အဲလိုပဲ ယူဆပါတယ်။ စီစဉ်ပေးဖို့လည်း ကြိုးစားနေတယ်လို့လည်း ကျနော် သိရပါတယ်။"

တရုတ်နိုင်ငံ ရွှေလီနဲ့ ကျယ်ဂေါင်မြို့မှာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ကနေ ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့  မြန်မာရွှေ့ပြောင်းလုပ်သား တစ်သိန်းကျော်ခန့် ရှိကြောင်း ရွှေလီရောက်မြန်မာလုပ်သားတွေထံကတဆင့် သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။