CNF ဌာနချုပ်ဗုံးကြဲခံရမှုကိုကန့်ကွက်မှုနဲ့ ဟားခါးမြို့က ဈေးဆိုင်ပိုင်ရှင် ၁၁ ဦး အဖမ်းခံရ

ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို ဇန်နဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ချိန် ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့အပေါ် ဝမ်းနည်းတဲ့အနေနဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့က ဈေးဆိုင်တွေ ဇန်နဝါရီလ ၁၁ ရက်နေ့က ပိတ်ထားခဲ့ကြတာကြောင့် စစ်ကောင်စီက ဇန်နဝါရီ ၁၂ ရက်နေ့က ဈေးဆိုင် ၁၁ ဆိုင်ကို ချိပ်ပိတ်သိမ်းဆည်းလိုက်ပြီး ဆိုင်ပိုင်ရှင် ၁၁ ဦးကိုလည်း ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့မှ ဈေးဆိုင်တွေပိတ်ထားသည်ကို တွေ့ရစဉ်။ The Chin Journa

ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို ဇန်နဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ချိန် ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့အပေါ် ဝမ်းနည်းတဲ့ အနေနဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့က ဈေးဆိုင်တွေ ဇန်နဝါရီလ ၁၁ ရက်နေ့က ပိတ်ထား ခဲ့ကြတာကြောင့် စစ်ကောင်စီက ဇန်နဝါရီ ၁၂ ရက်နေ့က ဈေးဆိုင် ၁၁ ဆိုင်ကို ချိပ်ပိတ် သိမ်းဆည်းလိုက်ပြီး ဆိုင်ပိုင်ရှင် ၁၁ ဦးကိုလည်း ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဇန်န၀ါရီ ၁၁ ရက်နေ့က ဆိုင်ပိတ်သူတွေကို ဆိုင်သိမ်းမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့တာကြောင့် အဲဒီနေ့ မွန်းလွဲ ၁ နာရီနောက်ပိုင်းမှာ ဆိုင်ပြန်ဖွင့်သူ တချို့ ရှိကြသလို မဖွင့်ဘဲ တစ်နေ့လုံး ပိတ်ထားသူတွေလည်းရှိခဲ့ကြတာပါ။ မွန်းလွဲ ၁ နာရီနောက်ပိုင်း ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို စစ်ကောင်စီတပ်သားတွေက ဓာတ်ပုံတွေ လိုက်ရိုက်ခဲ့ပြီး ဇန်နဝါရီ ၁၂ ရက် နေ့လယ်က ချိပ်ပိတ်သိမ်းဆည်းကြောင်းစာတွေ လာကပ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ချိပ်ပိတ်ခံရတဲ့ ဆိုင်တွေက ပိုင်ရှင် ၁၁ ဦးလည်း ဟားခါးမြို့၊ ရဲစခန်းမှာ ဖမ်းဆီး ခံထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"၁၁ ရက်နေ့ နေ့လယ်လောက်က စပီကာနဲ့ လိုက်အော်တာ။ ဆိုင်ပြန်ဖွင့်ဖို့။ မဖွင့်ရင် သိမ်းမယ်ဆိုပြီးတော့။ မနေ့က မွန်းလွဲပိုင်းလောက်မှ ချိပ်ပိတ်ခံရတာ။ ပိတ်ခံရတဲ့ ဆိုင်ရှင်တွေကိုလည်း မေးစရာရှိတယ်ဆိုပြီး စစ်သားတွေက ခေါ်သွားတာ"

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်စစ်ကောင်စီရဲ့ ပြောခွင့်ရသူ လူမှုရေး၀န်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက တိုက်လေယာဥ်နဲ့ နှစ်ရက်ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။ ဇန်နဝါရီ ၁၀ ရက်နေ့ တိုက်ခိုက်မှုမှာ CNF တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့ တိုက်ခိုက်မှုမှာတော့ သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘဲ လူနေအိမ် သုံးလုံး မီးလောင် ခဲ့သလို ဆေးကုသဆောင်ပါ ပျက်စီးခဲ့တယ်လို့ CNF ကပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org