စစ်ကိုင်းတိုင်း သလွန်ဖြူရွာက ဒေသခံ သုံးဆယ်ကျော် ဖမ်းဆီးခံရ

စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၅ ရက်မှာ ဝင်ရောက်ရှာဖွေခဲ့ပြီး အရပ်သား သုံးဆယ်ကျော်ကို ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူရွာတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ ဝင်ရောက်ရှာဖွေခဲ့သည့် နေအိမ်တစ်အိမ်ကို တွေ့ရစဉ်။ Fifty Two - Telegram

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၅ ရက်မှာ ဝင်ရောက်ရှာဖွေခဲ့ပြီး အရပ်သား သုံးဆယ်ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး အမျိုးသမီး တချို့လည်း ပါဝင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"၁၅ ရက်နေ့ ညနေပိုင်းက စစ်ကားတွေနဲ့ ဝင်ချလာပြီး အိမ်တွေကို ရိုက်ဖွင့်ပြီး တွေ့သမျှလူကို ကားပေါ်ဆွဲတင်သွားတာ။ ဖမ်းသွားတဲ့အထဲမှာ အမျိုးသားတွေတော့ များတယ်။ ဘယ်ကိုဖမ်းသွားတယ်ဆိုတာတော့ ဒီနေ့အထိ စုံစမ်းမရဘူး။ ရွာကိုဝင်လာတဲ့အချိန်ကလည်း သေနတ်ဖောက်ပြီး ဝင်ချလာတာပဲ"

ဖမ်းဆီးခံရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တာဝန်ကျတဲ့ ဒုရဲအုပ် သန်းမင်းစိုးနဲ့ ဇနီးဖြစ်သူ ဒေါ်သူဇာထွန်းတို့ စက်တင်ဘာလ ၁၃ ရက်က သလွန်ဖြူကျေးရွာအနီးမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် အခုလို ဖမ်းဆီးမှုတွေဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်း ကတော့ လုံခြုံရေးကိစ္စတွေကို မသိဘူးလို့ ပြောပါတယ်။

သလွန်ဖြူရွာကို စစ်ကောင်စီဝင်ရောက်စီးနင်းခဲ့မှုမှာ ZYMA တံဆိပ်ပါ ဒရုန်းတစ်စီး၊ လက်လုပ်သေနတ် တစ်လက်နဲ့ ကျဉ်သုံးတောင့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသား ဖော်ပြထားပါတယ်။ အရပ်သား ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ ထုတ်ဖော်ရေးသားတာတော့ မရှိပါဘူး။

သလွန်ဖြူရွာဟာ အိမ်ခြေ နှစ်ရာကျော်ရှိပြီး လူဦးရေ ရှစ်ရာကျော် နေထိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org