မြိုင်မှာ အမျိုးသမီးငါးဦး ဖမ်းဆီးခံရ
မြိုင်မြို့နယ် လက်ထုတ်တောရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ကင်းပတ်ချိန် အမျိုးသမီးငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-10-08 -
-
-
မကွေးတိုင်း၊ မြိုင်မြို့နယ် လက်ထုတ်တောရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ အောက်တိုဘာ ၇ ရက်နေ့က စစ်ကြောင်းထိုး ကင်းပတ်ချိန် အမျိုးသမီးငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ လက်ထုတ်တောရွာက အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ မဝင်းနွယ်၊ မစိုးတင်၊ မအေးနွယ်၊ မခင်လှနဲ့ မသန်းအေးတို့ ဖြစ်ပါတယ်။
ကန်နီရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေဟာ ယာခင်းထဲမှာ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်နေတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
“တောင်သူထွက်လုပ်တဲ့ အမျိုးသမီးငါးဦးနဲ့ နွားနှစ်ကောင်ကို ဆွဲသွားတယ်ဗျ။ သူတို့အခင်းမှာ မြေပဲ နုတ်နေတာ။ အဲဒါကို သူတို့ တောင်သူလုပ်တဲ့ရွာနဲ့ ကန်နီရွာ နှစ်ရွာကြားမှာတွေ့လို့ ဆွဲသွားတာဗျ”
ဖမ်းဆီးသွားတဲ့ အကြောင်းအရင်းကို မသိရသေးသလို ဒီနေ့အထိ အဆက်အသွယ် မရသေးတာကြောင့်လည်း မိသားစုဝင်တွေ စိုးရိမ်နေတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ တပ်စွဲနေထိုင်တဲ့ ကန်နီရွာနဲ့ လက်ထုတ်တောရွာဟာ တစ်မိုင်ခန့်သာ ကွာဝေးတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကန်နီရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ပြီးခဲ့တဲ့လတွေကလည်း အနီးပတ်ဝန်းကျင် ရွာတွေက ဒေသခံတွေကိုဖမ်းဆီးပြီး ပြန်လွှတ်ပေးတာတွေ ရှိသလို ပြန်မလွှတ်ပေးဘဲ ဆက်လက် ဖမ်းဆီးထားသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ကန်နီရွာက စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေက စက်သုံးဆီနဲ့ ဝါး သယ်ယူတဲ့ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေကို ပစ်ခတ်ဖမ်းဆီးလို့ နှစ်ဦးသေဆုံးပြီး လေးဦးက ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးခံရသူ လေးဦးကိုလည်း ငွေကြေးနဲ့ ပြန်ရွေးယူခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။