ဖိုးစိန်လမ်းမှာ ကုန်ပစ္စည်းပို့သူ သုံးယောက် အဖမ်းခံရပြီး တစ်ဦး သေဆုံး

ရန်ကုန်မြို့ ဖိုးစိန်လမ်းက အိုအေစစ်ဆိုင်အနီးမှာ (Delivery) ကုန်ပစ္စည်းပို့တဲ့ လူငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီး တစ်ယောက်ကို ပစ်ခတ်ခဲ့တယ်လို့ စက်ဘီးနဲ့ (Delivery) ကုန်ပစ္စည်းပို့ လုပ်ကိုင်နေသူတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းခံရသည့် ကိုတင်ထွန်းအောင်နဲ့ ကိုကြည်သာတို့ကို တွေ့ရစဉ် Photo: Citizen Journalist

ရန်ကုန်မြို့ ဖိုးစိန်လမ်းက အိုအေစစ်ဆိုင်အနီးမှာ (Delivery) ကုန်ပစ္စည်းပို့တဲ့ လူငယ် နှစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီး တစ်ယောက်ကို ပစ်ခတ် ခဲ့တယ်လို့ စက်ဘီးနဲ့ (Delivery) ကုန်ပစ္စည်းပို့ လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ဧပြီလ ၁၃ ရက် ဒီနေ့မနက် ၉ နာရီဝန်းကျင်က စကားပြောနေတဲ့ Food Panda က ကုန်ပစ္စည်းပို့တဲ့ လူငယ်သုံးယောက်ဟာ စစ်ကောင်စီတပ်သားတွေလာချိန် ထွက်ပြေးခဲ့လို့ အခုလို ပစ်ခတ်၊ ဖမ်းဆီးခံလိုက်ရတာ လို့ အမည်မဖော်လိုတဲ့ ကုန်ပစ္စည်းပို့ လုပ်ကိုင်နေသူ တစ်ယောက်က RFA ကို ပြောပြပါတယ်။

"သုံးယောက် စကားပြောနေကြတာလို့ ပြောတယ်ဗျ။ သူတို့ (စစ်သားတွေ) ရောက်လာ တော့ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးသွားကြတာလို့ ပြောတယ်။ အဲဒီလို ဖြစ်တော့ တစ်ယောက်ကို မှန်သွားပြီး အခုလို ဖြစ်ကုန်တာ"

ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့သူဟာ ကိုဟိန်းထက်နိုင်ဖြစ်ပြီး ကိုတင်ထွန်းအောင်နဲ့ ကိုကြည်သာတို့ကတော့ အဖမ်းခံလိုက်ရတယ်လို့ သူက ပြောပါတယ်။

ဖိုးစိန်လမ်းအတွင်းမှာရှိတဲ့ ဆိုင်တစ်ဆိုင်ကလည်း ဒီဖြစ်ရပ်ဟာ မနက်က ဖြစ်ပွားခဲ့တယ်လို့ RFA ကို အတည်ပြု ပြောဆိုပါတယ်။

ပစ်ခတ်ခံခဲ့ရတဲ့ ကိုဟိန်းထက်နိုင် သေဆုံးပြီလို့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပေမယ့် သေဆုံးမှု ရှိ၊ မရှိ မသိရဘူးလို့ ဗဟန်းမြို့နယ်အတွင်း နေထိုင်သူတစ်ယောက်က ပြောပါတယ်။

ဒါပေမဲ့လည်း စစ်ကောင်စီတပ်ဟာ ကိုဟိန်းထက်နိုင်ကို ဆေးရုံကားတစ်စီးနဲ့ တင်သွားပြီး ကျန်တဲ့ နှစ်ယောက်ကိုတော့ စစ်ကားနဲ့ ခေါ်ဆောင်သွားတာလို့ သူက ဆက်ပြောပါတယ်။

အခုသုံးယောက်ရဲ့ ဖြစ်စဉ်အပါအဝင် (Delivery) ကုန်ပစ္စည်းပို့ဆောင်သူ ရှစ်ယောက် ဝန်းကျင်ဟာ ဒီနေ့ ရန်ကုန်မှာပဲ ဖမ်းဆီးခံလိုက်ရတယ်လို့ ကုန်ပစ္စည်း ပို့ဆောင်နေသူတွေ ဆီက သိရပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပေါ်မှာ တပ်စွဲ နေရာယူထားသလို သင်္ကြန်ကာလအတွင်း မဏ္ဍပ်အနီးမှာ လုံခြုံရေးတိုးချတာ၊ လမ်းပိတ်ထားတာတွေကြောင့် (Delivery) ကုန်ပစ္စည်းပို့တဲ့ အလုပ်လုပ်ကိုင်ဖို့ ခက်ခဲနေတယ်လို့ ကုန်ပစ္စည်း ပို့ဆောင် နေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org