စိတ်ကြွဆေး ကျပ်ငွေ သိန်းပေါင်း တစ်သောင်းကျော်ဖိုး ဖမ်းမိ
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ မြန်မာကျပ်ငွေ သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို တာချီလိတ်မြို့အဝင် လွယ်တော်ခမ်း စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းက ပထမဆုံးအကြိမ် အများဆုံး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါ တယ်။
-
2015-10-09 -
-
-
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ မြန်မာကျပ်ငွေ သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ကို တာချီလိတ်မြို့အဝင် လွယ်တော်ခမ်း စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းက ပထမဆုံး အကြိမ် အများဆုံး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့နယ် အမှတ် ၃၀ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မိုင်းဆတ်မြို့ နားယောင်းကျေးရွာဖက်ကလာတဲ့ အသက် ၂၉ နှစ် အိုက်ရှဲန် ဆိုသူ မောင်းနင်လာတဲ့ကားကို တားဆီးစစ်ဆေးခဲ့ရာက အခုလို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်မြို့မရဲစခန်းက စခန်းမှူး ဦးကျော်သန်း က အတည်ပြု ပြောဆိုပါတယ်။
"သူက မိုင်းဆတ်ဘက်က သယ်လာတယ်၊ သယ်လာပြီးတော့ မူးယစ်အဖွဲ့က ဖမ်းမိတယ်၊ ကားရဲ့နောက်ကြမ်းခင်းပြင်ကို သူက အံဝှက်ပြီးတော့သယ်တာလေ၊ ကျနော်တို့ကလိုက်နေတုန်း၊ ဖမ်းမိတာကတော့ ကယ်ရီသယ်လာတုန်းမိတာကတော့ အများဆုံးပါပဲ"
အိုက်ရှဲန် ခေါ် အိုက်စိုင်းဆို ဆိုသူဟာ စိတ်ကြွဆေးပြားတွေကို ကားနောက်မှာရှိတဲ့ ကြမ်းခင်းအောက်မှာ စိတ်ကြွဆေးပြား ရှစ်ထောင်စီပါတဲ့ အထုတ် ၅၆ ထုတ်၊ ဆေးပြားပေါင်း လေးသိန်းငါးသောင်းနီးပါးကို ဝှက်ယူ သယ်ဆောင်လာတာဖြစ်ပြီး သူ့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသောပုဒ်မ ၁၅/၁၉ (က) အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
၂၀၁၅ ခုနှစ်အတွင်း တာချီလိတ်မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးဖမ်းဆီးမိခဲ့တာ ၁၃၈ မှု ရှိခဲ့ပြီဖြစ်ပြီး အခုတစ်ကြိမ် တန်ဖိုးအများဆုံး ဖမ်းမိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။