ကပ်ဘေးကာကွယ်ရေး ညွှန်ကြားချက်ဖောက်ဖျက်သူ နှစ်သောင်းနီးပါးကို အရေးယူခဲ့
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို ဖျောက်ဖျက်လို့ဆိုပြီး အရေးယူခံထားရသူပေါင်း နှစ်သောင်းနီးပါးရှိတယ်လို့ စက်တင်ဘာ ၄ ရက်နေ့ မနေ့က ကျင်းပတဲ့ နိုင်ငံတော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
-
ဝေယံမိုးမြင့်
2020-09-05 -
-
-
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို ဖျောက်ဖျက်လို့ဆိုပြီး အရေးယူခံထားရသူပေါင်း နှစ်သောင်းနီးပါးရှိတယ်လို့ စက်တင်ဘာ ၄ ရက်နေ့ မနေ့က ကျင်းပတဲ့ နိုင်ငံတော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အရေးယူမှုတွေက သြဂုတ်လ နောက်ဆုံးပတ်ကစပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်လာတယ်လို့လည်း ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးအတွက် ပြည်ထောင်စု အစိုးရ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့တွေက အမိန့်နဲ့ ညွှန်ကြားချက်တွေကို ဧပြီလကစပြီး ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။
အဲဒီကြေညာချက်တွေဟာ ဒီနေ့အထိ အကျုံးဝင်ဆဲဖြစ်ပြီး ဗိုင်းရပ်စ်တစ်ကျော့ပြန်ဖြစ်တဲ့ ကာလလို့ဆိုတဲ့ သြဂုတ်လနဲ့ အခုစက်တင်ဘာလအတွင်းမှာ အရေးယူမှုတွေ ပြင်းထန်လာခဲ့တာပါ။
ကပ်ရောဂါကာလအတွင်းမှာ စည်းကမ်းမလိုက်နာသူပေါင်း (၁၉၈၉၇) ကို အရေးယူခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
ထုတ်ပြန်ထားတာ ကြာမြင့်နေပြီဖြစ်တဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြောလိုက်မှ အရေးယူတာမျိုးဟာ ပုံမှန်လုပ်ဆောင်ချက် မဟုတ်ဘူးလို့ ဗဟန်းမြို့မှာနေထိုင်တဲ့ ဦးရဲဝင်းဆောင်က ဝေဖန် ထောက်ပြပါတယ်။
“တည့်တည့်ပြောရရင် နိုင်ငံတော် အတိုင်ပင်ခံက စည်းကမ်းမလိုက်နာဘူး မတင်းကျပ်ဘူးပြောလိုက်ရင် အောက်ကအဖွဲ့က အရေးယူဆောင်ရွက်တာတွေရှိလာတယ်၊ ဟိုတစ်နေ့ကလည်း စကားဝိုင်းမှာ ကေတီဗီတွေ၊ နိုက်ကလပ်တွေ ကြပ်မတ်ရတယ်ပြောတော့ အရေးယူ ဆောင်ရွက်တာတွေရှိလာတယ်၊ နောက် ရန်ကုန် လူထုက စည်းကမ်းမလိုက်နာဘူးလို့ ပြောလိုက်တော့ ညမထွက်ရအမိန့်နဲ့ အရေးယူတာတွေရှိလာတယ်၊ တကယ်တမ်း ဟိုးအရင်က ညထွက်တာတွေရှိနေတာပဲ အရေးမယူဘဲ အတိုင်ပင်ခံပြောမှ အရေးယူတာတွေက ထင်သာမြင်သာရှိလာတာပေါ့”
ဒီကပ်ရောဂါကာလအတွင်းမှာ စည်းကမ်းမလိုက်နာတဲ့သူတွေကို တင်းတင်းကျပ်ကျပ် အရေးယူသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က ကျင်းပတဲ့ အွန်လိုင်းဆွေးနွေးပွဲတစ်ခုကနေ သတိပေးထားပါတယ်။
အရေးယူမှုတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် ရဲမှူးကြီး ကျော်သီဟကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ အရင်ကထက် ရောဂါကူးစက်မှုနှုန်းတွေ ပိုပြီးများလာတယ်၊ စည်းကမ်းဖောက်ဖျက် မှုတွေ ပိုပြီးများလာတဲ့အတွက် ပိုပြီးကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ RFA ကို ဖုန်းမက်ဆေ့ကနေ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ကို ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေ ကြားတာ မရှိခဲ့ပါဘူး။
မတ် ၂၆ ရက်ကနေ စက်တင်ဘာ ၄ ရက်နေ့အထိ ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်သူ ငါးထောင်ကျော်ကို အရေးယူထားပါတယ်။
ညမထွက်ရအမိန့်ဟာ ည ၉ နာရီကနေ မနက် ၄ နာရီ၊ ည ၁၀ နာရီကနေ မနက် ၄ နာရီ၊ ည ၁၂ နာရီကနေ မနက် ၄ နာရီ စသဖြင့် တိုင်းနဲ့ ပြည်နယ် အသီးသီး ဒေသအလိုက် ကွဲပြားမှုရှိပြီး ဒီထုတ်ပြန်ချက်တွေဟာ ဧပြီလက စတင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ တချို့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဖြေလျှော့မှုတွေ လုပ်ဆောင်ခဲ့တာ တွေလည်း ရှိပါတယ်။
ထပ်မံပြီး ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ဥပဒေနဲ့ အရေးယူခံရသူပေါင်း ၁၃၉၀၈ ဦး၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူခံရသူပေါင်း ၂၈၂ ဦးရှိပြီး တိုင်းနဲ့ ပြည်နယ်တွေမှာ KTV၊ ကလပ်၊ ဘားတွေကို ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ဥပဒေနဲ့ အရေးယူခဲ့တဲ့အမှုပေါင်း ၂၂ မှုရှိပြီး ၁၃၇ ဦး ရှိပါတယ်။
ဒါဟာ အရေးယူဖို့ လိုအပ်တဲ့အတွက် အရေးယူဆောင်ရွက်ရတာလို့မြင်ကြောင်း ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က သူ့အမြင်ကို ပြောပါတယ်။
“လိုအပ်လို့ အရေးယူတယ်လို့ပဲ ပြောချင်တယ်၊ ဒါက အခုထက်ပိုမထိန်းချုပ်နိုင်ရင် နိုင်ငံရေး၊ စည်းပွားရေး တွေ မထိန်းချုပ်နိုင်ဖြစ်လိမ့်မယ်။ ကျနော်တို့မြို့နယ်မှာလည်း အဲလိုပဲ စည်းရုံးတာတွေ၊ လှုံဆော်တာတွေ လုပ်နေတယ်၊ မက်စ်တွေ အလကားဝေနေတယ်။ နောက်ပိုင်း မက်စ် မတပ်ရင် အရေးယူတာတွေလုပ်မယ်”
တိုင်းနဲ့ ပြည်နယ်အလိုက် ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကတော့ အကျုံးဝင်နေဆဲဖြစ်ကြောင်း ပြည်သူတွေ သိရှိနားလည်လာဖို့အတွက် အမြဲမပြတ် သတိပေးတာတွေ လုပ်ဆောင်နေဖို့ လိုအပ်နေတယ်လို့လည်း ထောက်ပြပါတယ်။
ရခိုင်ပြည်နယ်မှာဆိုရင် အရပ်ဖက်အဖွဲ့အစည်းရဲ့ ပူးပေါင်းပါဝင်မှု အားနည်းပြီး ရောဂါထိန်းချုပ်နိုင်ဖို့ဆိုရင် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့က အဓိကဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
“ရောဂါ ကာကွယ်ရေးနည်းလမ်းတွေ အချင်းချင်း တိုက်တွန်းပေးမယ်ဆိုရင် ရောဂါကို ကွင်းဆက်ပြတ်သွား နိုင်တယ်၊ အဲလိုဆို ရောဂါဖြစ်ပွားမှုကျဆင်းပြီး ရောဂါထိန်းချုပ်နိုင်မယ်။ အထူးသဖြင့် ပြည်သူလူထု ပူးပေါင်း ပါဝင်မှုပါပဲ၊ ဥပမာအားဖြင့် ရခိုင်မှာ အခုလက်ရှိ ကွာရန်တင်းစင်တာမှာ ကူညီဆောင်ရွက်မှု စေတနာ့ဝန်ထမ်း က ၅ ရာခိုင်နှုန်းပဲရှိတယ်၊ အစိုးရဝန်ထမ်း ၉၅ ရာခိုင်နှုန်းရှိပါတယ်။ လူထုပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့ သဘောပါပဲ”
စက်တင်ဘာ ၅ ရက်နေ့ မနက် ၈ နာရီအထိ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၁၂၁၆ ဦး ရှိနေပြီဖြစ်ပါတယ်။
ရောဂါလက္ခဏာမပြဘဲ ပိုးရှိနေသူတွေ ကိုယ့်အနီးပတ်ဝန်းကျင်မှာ ရှိနေနိုင်တာကြောင့် ရောဂါကူးစက်မခံရအောင် လူစုလူဝေး ရှောင်ရှားတာ၊ တတ်နိုင်သလောက် နေအိမ်မှာပဲ နေထိုင်တာ၊ နှာခေါင်းနဲ့ ပါးစပ်စည်း တပ်ဆင်တာ၊ လက်ကို စနစ်တကျ စက္ကန့် ၂၀ ကြာအောင် ဆေးကြောတာမျိုးကို လိုက်နာကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေး တိုက်တွန်းနေပါတယ်။