နေပြည်တော်မှာ ကျောင်းထိုင်ဆရာတော်တစ်ပါး ဖမ်းဆီးခံရ

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့အရေးသားတွေ လူမှုကွန်ရက်ပေါ်မှာရေးသားပြီး တရားပွဲတွေမှာပါ ထည့်သွင်းဟောခဲ့တယ်တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ လယ်ဝေးမြို့နယ် ဝဲကြီးရွာကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဉာဏိဿရကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဉာဏိဿရအား လူဝတ်လဲပြီး ဖမ်းဆီးထားသည်ကို တွေ့ရစဉ်။ Myanmar Military Telegram

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့အရေးသားတွေ လူမှုကွန်ရက်ပေါ်မှာရေးသားပြီး တရားပွဲတွေမှာပါ ထည့်သွင်းဟောခဲ့တယ်တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ နေပြည်တော်၊ လယ်ဝေးမြို့နယ် ဝဲကြီးရွာကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဉာဏိဿရကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ နေပြည်တော်မြို့ခံတွေက ပြောပါတယ်။

ဝဲကြီးရွာအနီးက ကွေ့ကြီးရွာမှာရှိတဲ့ နာရေးတစ်ခုမှာ မနက်ခင်းတရားဟောပြီးချိန် နေ့လယ်ပိုင်းမှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတာလို့ ဒီကိစ္စကိုသိတဲ့ နေပြည်တော်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“ဘုန်းကြီးက ငယ်ဖြူ၊ ဝဲကြီးဇာတိပဲ။ မနက်ခင်း ကွေ့ကြီးက နာရေးဆွမ်းသွပ်မှာ တရားဟောတာ၊ တရားဟောတော့ အတိုင်ခံရတာ။ တိုင်တော့ ရဲတွေက လာဖမ်းသွားတာ”

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ ဟန်ငြိမ်းဦးအမည်နဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ အဲဒီဆရာတော်ဟာ လူမှုကွန်ရက်မှာ အာဏာရှင်ဆန့်ကျင်ရေး အရေးအသားတွေ ရေးသားခဲ့သလို သာရေး၊ နာရေးပွဲတွေမှာလည်း ထည့်သွင်းဟောကြားတဲ့အပေါ် တိုင်တဲ့သူရှိတာကြောင့် ဖမ်းဆီးခံရတာလို့ ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၂ ရက်အထိ စာရင်းအရ အာဏာသိမ်းချိန်ကစလို့ နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ နှစ်သောင်းကျော် (၂၀,၀၈၇ ဦး) ရှိသလို အဲဒီအထဲမှာ ဘုန်းကြီး၊ ခရစ်ယာန် သင်းအုပ်ဆရာ စတဲ့ ဘာသာရေးနဲ့ သက်ဆိုင်သူ ၁၂၁ ဦး ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org