မလေးရှား ထွက်ခွာဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၃၆ ဦး စစ်တွေဆိပ်ကမ်းမှာ ဖမ်းဆီးခံရ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆိပ်ကမ်းအနီးမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် ညပိုင်းက မလေးရှားနိုင်ငံကို စက်လှေနဲ့ထွက်ခွာဖို့ကြိုးစားကြတဲ့ ရိုဟင်ဂျာ ၃၆ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်တွေမြို့ခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
-
RFA Burmese
2023-02-02 -
-
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆိပ်ကမ်းအနီးမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် ညပိုင်းက မလေးရှားနိုင်ငံကို စက်လှေနဲ့ထွက်ခွာဖို့ကြိုးစားကြတဲ့ ရိုဟင်ဂျာ ၃၆ ဦး ဖမ်းဆီးခံလိုက် ရတယ်လို့ စစ်တွေမြို့ခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
သူတို့ဟာ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်တွေကဖြစ်ပြီး ဖမ်းဆီးခံရတဲ့အထဲ ရိုဟင်ဂျာအမျိုးသား ၂၈ ဦးနဲ့ အမျိုးသမီး ရှစ်ဦး ပါဝင်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"စစ်တွေမြို့ ဈေးကြီးမှာ ဆိပ်ကမ်းရှိတယ်။ ပေါက်တော၊ မင်းပြား၊ မြောက်ဦးဘက်ကို သွားတဲ့ စက်လှေတွေရှိတယ်။ အဲဒီမှာ သူတို့က လူစုပြီးတော့ ပေါက်တောမြို့နယ် ဘက်ကနေ မလေးရှားကိုသွားကြမယ့် ရိုဟင်ဂျာတွေ။ ဒီကနေထွက်သွားကြတဲ့ အများစုက မလေးရှားကိုသွားကြတယ်။ လူစုတာကတော့ စစ်တွေမှာပဲ လူစုကြတယ်။ စက်လှေအထွက်မှာ အဖမ်းခံလိုက်ရတာပေါ့။ ဖမ်းခံရတဲ့အထဲ ကလေးတွေပါလား၊ မပါလားဆိုတော့ မသိရသေးဘူး"
ရိုဟင်ဂျာတွေဖ မ်းဆီးခံရတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ် ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း အတည်ပြုထားပြီး သူတို့ကို အမှုဖွင့် အရေးယူမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဘယ်လိုဥပဒေလဲဆိုတာ အတိအကျ ဖော်ပြမထားပါဘူး။
ဖမ်းဆီးခံ ရိုဟင်ဂျာတွေကို အမှုလိုက်ပါဆောင်ရွက်နေသူတစ်ဦးကတော့ နေရပ်စွန့်ခွာ ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေ ဖမ်းဆီးခံရရင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန လတ်တလော ပြဌာန်းချက်များ အက်ဥပဒေ ပုဒ်မ - ၆(၂)၊ ၆(၃) တို့နဲ့ တရားစွဲပြီးထောင် နှစ်နှစ်ကနေ ငါးနှစ်အထိ ချလေ့ရှိတယ်လို့ RFA ကိုပြောပါတယ်။
RFA က သီးသန့်ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်အထိ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၈၅၆ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၄၆၆ ဦးက လဝက ဥပဒေတွေနဲ့ ထောင် နှစ်နှစ်ကနေ ငါးနှစ်ချခံထားရပါတယ်။