ဖမ်းဆီးခံထားရတဲ့ တန့်ဆည်မြို့ခံ နှစ်ဆယ်ထဲက တစ်ဦး သေဆုံး၊ ကိုးဦးသာ ပြန်လွတ်လာ
တန့်ဆည်မြို့အနောက်ခြမ်းမှာနေထိုင်သူ ဒေသခံအယောက်နှစ်ဆယ်ကို PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧပြီ ၅ ရက်နေ့က ရပ်ကွက်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
-
RFA Burmese
2024-04-10 -
-
-
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ ဧပြီလ ၅ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံအယောက်နှစ်ဆယ်ထဲက တစ်ဦး သေဆုံးခဲ့ပြီး ဆယ်ဦးကို အခုထိ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန့်ဆည်မြို့အနောက်ခြမ်းမှာနေထိုင်သူ ဒေသခံအယောက်နှစ်ဆယ်ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧပြီလ ၅ ရက်နေ့က ရပ်ကွက်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရပြီး နှစ်ရက်အကြာ ဧပြီလ ၇ ရက်နေ့မှာ လေးဦးနဲ့ ဧပြီလ ၉ ရက်နေ့မှာ ငါးဦး စုစုပေါင်းကိုးဦးကို ပြန်လွှတ်ပေးခဲ့ပြီး သေဆုံးသွားသူတစ်ဦးရဲ့ အလောင်းကိုလည်း ပြန်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြန်လွတ်လာသူတွေထဲမှာ အမျိုးသမီးအများစုပါဝင်ပြီး ရုပ်အလောင်းတစ်လောင်းကို ပြန်ပေးလာတာလို့ တန့်ဆည်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ပထမ ပြန်လွှတ်တဲ့လေးယောက်ထဲမှာက စိတ်မနှံ့တဲ့သူပါတယ်၊ ငါးလသားအရွယ် ကလေးအမေပါတယ်။ မနေ့က ပြန်လွှတ်တာက ငါးယောက်။ ရိုက်နှက်ထားလို့ မျက်နှာတွေမှာ ဒဏ်ရာတွေရှိတယ်လို့ပြောတယ်။ ကုန်စိမ်းရောင်းတဲ့ သုံးဘီးဆရာတစ်ယောက်ကတော့ နှိပ်စက်ရင်းနဲ့ သေသွားတယ်ပြောတယ်။ အဲဒါ သုံးဘီးနဲ့ အလောင်းကို ပြန်ပေးတယ်ပြောတယ်"
ကျန်တဲ့ဆယ်ဦးကို တန့်ဆည်မြို့ ရဲစခန်းမှာ ဖမ်းဆီးထားပြီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ရိုက်နှက်စစ်ဆေးမေးမြန်းနေတာလို့ ပြန်လွတ်လာသူတွေကပြောကြောင်း အဲဒီဒေသခံက ဆိုပါတယ်။
လက်ရှိ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရသေးသလို ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေကိုလည်း အတိအကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်တဲ့အခါ အခမ်းအနားတက်ရောက်နေတာကြောင့် ဖြေဆိုဖို့ အဆင်မပြေဘူးလို့ အကြောင်းပြန်ပါတယ်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း တန့်ဆည်မြို့ဈေးဟောင်းအနီးက လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး ဆိုင်မှာထိုင်နေတဲ့ လူငယ်သုံးဆယ်နီးပါးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ပြည်သူနှစ်သောင်းကျော် (၂၀,၃၂၃ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။