ကချင်ပြည်နယ်က NLD ပါတီ မိသားစုဝင် သုံးဦး အဖမ်းခံရ
တစ်မိသားစုတည်းကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ် NLD ပါတီဝင်တွေ ဖြစ်ကြတဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး၊ မိုးညှင်းမြို့နယ် NLD ပါတီဝင် ဒေါ်ခင်ခင်စိန်၊ မိုးညှင်းမြို့နယ် ကိုယ်စားပြု ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း တို့ သုံးဦးစလုံး ရှေ့ဆင့် နောက်ဆင့် အဖမ်းခံထား ရတယ်လို့ ဖခင်ဖြစ်သူ ဦးဖေစိန်က RFA ကို ပြောပါတယ်။
- 2021-08-20
-
-
-
တစ်မိသားစုတည်းကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ် NLD ပါတီဝင်တွေ ဖြစ်ကြတဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး၊ မိုးညှင်းမြို့နယ် NLD ပါတီဝင် ဒေါ်ခင်ခင်စိန်၊ မိုးညှင်းမြို့နယ် ကိုယ်စားပြု ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း တို့ သုံးဦးစလုံး ရှေ့ဆင့် နောက်ဆင့် အဖမ်းခံထားရတယ်လို့ ဖခင်ဖြစ်သူ ဦးဖေစိန်က RFA ကို ပြောပါတယ်။
သားကြီးဖြစ်တဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးကို စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့၊ သမီးကြီးဖြစ်တဲ့ ဒေါ်ခင်ခင်စိန် ကို မတ်လ ၂၀ ရက်နေ့နဲ့ သမီးငယ်ဖြစ်တဲ့ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း ကို ဩဂုတ်လ ၄ ရက်နေ့က ဖမ်းဆီးပြီး အခု နှစ်ပတ်ကျော်ကြာတဲ့အထိ အဆက်အသွယ်မရသေးဘူးလို့ ဖခင်ဖြစ်သူ ဦးဖေစိန်က ပြောပါတယ်။
"အခုက ဘယ်လိုဆက်သွယ်ပြီး ဘာလုပ်ရမှန်းကို မသိဘူး၊ ဒီအတိုင်းပဲ အခြေအနေကို စောင့်ကြည့် နေရတာ၊ ဘယ်အချိန်များ အကြောင်းကြားပြီး တုံ့ပြန်လာမလဲဆိုတာ စောင့်စားနေရတာပဲ။ သက်ထားနှောင်း အတွက်ပဲ ပူပန်နေရတာ"
ဒေါ်သက်ထားနှောင်း ကို ဩဂုတ်လ ၄ ရက် မနက် ၁ နာရီဝန်းကျင်လောက်က ကချင်ပြည်နယ် နန်းမားမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ ရဲနဲ့ စစ်တပ်က ဖမ်းဆီးသွားတာဖြစ်ပြီး၊ ဒိကနေ့ ဩဂုတ်လ ၂၀ ရက် ရက်ပေါင်း ၁၆ ရက်ကြာတဲ့အထိ သတင်းတစ်စုံတစ်ရာ မရသေးဘူးလို့ သူက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အဖမ်းခံထားရတဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး ကိုတော့ စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ-၂၅ နဲ့ ဖားကန့်အကျဉ်းထောင် မှာ ဖမ်းဆီးထားတာ သိရတယ်လို့ ဦးဖေစိန်က ဆိုပါတယ်။
မတ်လ ၂၀ ရက်နေ့က အဖမ်းခံခဲ့ရတဲ့ သမီးကြီး ဒေါ်ခင်ခင်စိန် ကိုတော့ သံပုံးတီးလို့ ဆိုပြီး တပ်မတော်ကို အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက တရားစွဲပြီး မိုးညှင်းအကျဉ်းထောင်မှာ ချုပ်နှောင်ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အသက် ၈၇ နှစ်အရွယ်ရှိ ဖခင် ဦးဖေစိန် ဟာလည်း ၁၉၉၀ ခုနှစ်တွေတုန်းက ကချင်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး စစ်အစိုးရ အဆက်ဆက် လက်ထက် အကြိမ်ကြိမ် ဖမ်းဆီးထောင်ချတာကို ခံခဲ့ရသူ ဖြစ်ပါတယ်။ အခု အသက်အရွယ်ကြီးရင့်လာလို့ ပါတီတာဝန်တစ်ခုခုကို အတိအကျ ယူထားတာမျိုး မရှိပေမယ့် လက်ရှိမှာလည်း NLD ပါတီဝင်အဖြစ် ဆက်လက် ရပ်တည်နေဆဲပဲလို့ ဦးဖေစိန် က ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ အခုချိန်ထိ ခုနစ်လနီးပါးကာလအတွင်း တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် ငါးဦးအပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦး၊ လွှတ်တော်သုံးရပ်က လွှတ်တော်အမတ် ၉၈ ဦးအပါအဝင် တစ်နိုင်ငံလုံးက NLD ပါတီဝင် ၃၂၀ ကျော် အဖမ်းခံထားရကြောင်း လုံခြုံရေးအရ အမည် မဖော်လိုတဲ့ NLD ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။