မန္တလေးမှာ ခရီးသည်လူငယ်လေးဦး ဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်အသွယ်မရ

RFA Burmese
2024.02.13
မန္တလေးမှာ ခရီးသည်လူငယ်လေးဦး ဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်အသွယ်မရ မန္တလေးမြို့တွင်း တစ်နေရာကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက တွေ့ရစဉ်။
RFA

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်အနီး စစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီ ၁၃ ရက် ဒီနေ့မနက် ရန်ကုန် - မန္တလေး ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ ခရီးသည်လူငယ်လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာမှာနေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် ကိုဇော်ဇော်အောင်၊ အသက် ၂၄ နှစ်အရွယ် ကိုကောင်းထက်စိုး၊ အသက် ၂၃ နှစ်အရွယ် ကိုသွင်စိုးထွန်းနဲ့ အသက် ၂၄ နှစ်အရွယ် ကိုတင်ထွဋ်ဝင်းတို့ ဖြစ်ပါတယ်။

အဲဒီလူငယ်လေးဦးဟာ ကိုရီးယားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ရန်ကုန်မှာ စာမေးပွဲဖြေပြီး ပြန်လာကြတာလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ရန်ကုန်ကနေပြီးတော့ ကိုးရီးယားသွားဖို့ရာ စာမေးပွဲဖြေပြန်လာကြတာ။ တံတားဦးမရောက်ခင် တိုးဂိတ်မှာ အဖမ်းခံရတာ”

အခုလိုဖမ်းဆီးခံရတာကို ကားဂိတ်နဲ့ ကားသမားတွေဆီကတစ်ဆင့် မိသားစုဝင်တွေက ပြန်သိရတာဖြစ်ပြီး ဘယ်နေရာကို ဖမ်သွားသလဲဆိုတာ ဒီနေ့ နေ့လယ်ပိုင်းအထိ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

လူငယ်လေးဦးကို အကြောင်းမဲ့ဖမ်းဆီးခဲ့တဲ့အပေါ် တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာစပြီး အာဏာတည်အသက်ဝင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ ပြည်သူတွေ မကြာခဏ ဖမ်းဆီးခံနေရပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒေသခံငါးဆယ်ခန့်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၂ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ပြည်သူ ၂၀,၀၈၇ ဦး ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။