စစ်မှုထမ်းခိုင်းဖို့ဆိုပြီး ဇရပ်ကြီးမြို့က လူငယ်အချို့ ဖမ်းဆီးခံနေရကြောင်း ဒေသခံတွေပြော
2024.02.13

ပဲခူးတိုင်းအရှေ့ခြမ်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှာ ဖေဖော်ဝါရီ ၁၂ ရက်ကစပြီး လူငယ်အများစုကို စစ်ကောင်စီတပ်သားတွေက စစ်မှုထမ်းခိုင်းဖို့ဆိုပြီး ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် မြို့ပေါ်ဒေသခံအများစု ဘေးလွတ်ရာ ထွက်ပြေးနေကြပေမယ့် ထွက်မပြေးဘဲ ကျန်နေသူတွေကို ဇရပ်ကြီးဆေးရုံမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်သားတွေက နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးခဲ့သလို ရွာတွေဘက်မှာလည်း ဝင်ရောက်ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြောင့်ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေထဲက လူငယ်တွေကိုလည်း ဖမ်းဆီးတာရှိနေပြီး လူဦးရေ အရေအတွက်နဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၁၈ ပြည့်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေကို စစ်မှုထမ်းဆောင်ဖို့ ဖမ်းဆီးနေတာကြောင့် ထွက်ပြေး နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဇရပ်ကြီးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အခုလောလောဆယ်တော့ တစ်ရွာလုံး ပြေးနေကြတာပေါ့နော်။ စစ်တပ်က ရွာထဲကိုဝင်ပြီးတော့ ချောတွေ ဆွဲနေတာ(ဖမ်းနေတာ)။ ကျွန်တော်တို့လည်း ပုန်းနေရတာ။ ရှောင်တိမ်းနေရတာ။ မိန်းကလေးတွေဆို ၁၈ နှစ်၊ ၁၉ နှစ်လောက်ဆို ဖမ်းတယ်။ အမျိုးသားတွေလည်း အဲဒီအရွယ်တွေဖမ်းပြီး စစ်မှုထမ်းခိုင်းရမယ်ဆိုပြီး ခေါ်တင်သွားတာပဲ"
လက်ရှိ ဇရပ်ကြီးမြို့အနီး ပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြတာကြောင့် ရွာတွေထဲမှာ လူမရှိသလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းခိုင်းဖို့ ဖမ်းဆီးသွားတယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုမှုအပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထန်းတပင်တံတားကနေစပြီး ဝင်ရောက်ခွင့်မပြုသလို တောင်ငူမြို့ထဲ ဝင်ရောက်ခွင့်ကိုလည်း ဇန်နဝါရီ ၁၀ ရက်ကစပြီး ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်မှာဖြစ်ခဲ့တဲ့ ဇရပ်ကြီးတိုက်ပွဲကြောင့် လက်ရှိ တောင်ငူမြို့ပေါ်မှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေး ဒုက္ခသည် ၁၃,၀၀၀ ခန့်ရှိနေပြီလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကတော့ (PDF) နဲ့ ဆက်နွှယ်သူတွေ ကိုသာ ဖမ်းဆီးတာဖြစ်ပြီး ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာမရှိဘူးလို့ ငြင်းဆိုပါတယ်။
"ဖမ်းဆီးမှုဆိုတဲ့ နေရာမှာတော့ သိတဲ့အတိုင်းပဲလေ။ ဥပဒေနဲ့စပ်နှင်းပြီးတော့ PDF ကို ဆက်နွှယ်တဲ့ အဖွဲ့အစည်း၊ အကြမ်းဖက်ကိုထောက်ပံ့တဲ့ အဖွဲ့အစည်း၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က ဥပဒေကြောင်းအရ ဖမ်းတာ ဆီးတာတော့ ရှိတယ်လေ။ အပြစ်မရှိတဲ့ အပြစ်မဲ့ ပြည်သူတစ်ယောက်ကိုတော့ ကျွန်တော်တို့က အကြောင်းမဲ့ ဖမ်းဆီးနိုင်တဲ့ အနေအထား မရှိပါဘူး"
အဲဒီလို ဖမ်းဆီးရာမှာလည်း အစုလိုက်အပြုံလိုက် ဖမ်းဆီးနေတာမရှိသလို သုံး၊ လေးဦးခန့်သာ စစ်ဆေးဖို့ ဖမ်းဆီးထားတာလို့ ဦးတင်ဦးက ဆိုပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ ဥပဒေပြုရေးဆွဲခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှာစပြီး အာဏာတည်အသက်ဝင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။