ARSA က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း AI ထုတ်ပြန်

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ မနှစ်က အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့စဉ်အတွင်း ရိုဟင်ဂျာမွတ်စလင် စစ်သွေးကြွတွေက ဟိန္ဒူကျေးရွာတွေကို တိုက်ခိုက်ခဲ့ပြီး၊ ကလေးသူငယ်တွေအပါအဝင် လူပေါင်း ၉၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA အဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo Courtesy: Amnesty International

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ မနှစ်က အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွား ခဲ့စဉ်အတွင်း ရိုဟင်ဂျာမွတ်စလင် စစ်သွေးကြွတွေက ဟိန္ဒူကျေးရွာတွေကို တိုက်ခိုက်ခဲ့ပြီး၊ ကလေးသူငယ်တွေ အပါအဝင် လူပေါင်း ၉၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA လို့ အမည်ပေးထားတဲ့ ရိုဟင်ဂျာ စစ်သွေးကြွအဖွဲ့ဝင်တွေဟာ အစိုးရ နယ်ခြားစောင့် ရဲကင်းစခန်း ၃ဝ ကျော်ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ မှာပဲ၊ အနောက်ခမောင်းဆိတ်၊ ရဲဘော်ကျနဲ့ မြို့သူကြီးကျေးရွာတွေကို တိုက်ခိုက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေကို အပြစ်ပေးသတ်ဖြတ်တဲ့ ပုံစံနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာလို့ အစီအရင်ခံစာမှာ အသေးစိတ်ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ စက်တင်ဘာလမှာ သတင်းထောက်တွေကို မြန်မာ့တပ်မတော်က ခေါ်ဆောင်ပြီး အစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ ဟိန္ဒူအလောင်းတွေကို ပြသခဲ့ပါတယ်။ ဒါပေမဲ့ ARSA အကြမ်းဖက်အဖွဲ့က သူတို့ လက်ချက် မဟုတ်ကြောင်း အဲဒီအချိန်က ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အသစ်တွေအရ မောင်တောမြို့နယ် မြောက်ပိုင်း၊ ခမောင်းဆိပ်ကျေးရွာမှာ ကလေးငယ်တွေ အများစုပါဝင်တဲ့ ဟိန္ဒူဘာသာဝင် ၅၃ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။ ARSA အဖွဲ့ဝင်တွေ အနေနဲ့ ဟိန္ဒူကလေး၊ အမျိုးသမီးနဲ့ အမျိုးသားတွေကို ရွာအပြင်ထုတ် ရက်ရက်စက်စက် မသတ်ဖြတ်ခင် ဖမ်းဆီးချုပ်နှောင် ခြိမ်းခြောက်ခဲ့ကြောင်း၊ အမျိုးသားတွေကို သတ်ပြီး အမျိုးသမီးတချို့ကို အတင်း ကြပ် အစ္စလာမ်ဘာသာကို ကူးပြောင်းခိုင်းပြီး ခေါ်ဆောင်သွားကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် အဲဒီ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာပဲ၊ ခမောင်းဆိပ်ရွာအနီးက ရဲဘော်ကျရွာမှာလည်း ဟိန္ဒူ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၄၆ ယောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒေသခံ ဟိန္ဒူတွေကတော့ အဲဒီပျောက်ဆုံးသွားသူတွေကို ARSA အကြမ်းဖက်အဖွဲ့က သတ်ဖြတ်လိုက်ပြီလို့ ယုံကြည်နေကြတယ်လို့ သိရပါတယ်။

လောလောဆယ် ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှု ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး ဒီဖိအားတွေဟာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေကို ပံ့ပိုးပေးနေသလို မဖြစ်ဖို့ အရေးကြီးကြောင်း ပြောဆိုထားပါတယ်။

မြန်မာ့အရေးလေ့လာသူ ဒေးဗစ်မက်သီဆန်ကတော့ အခု ထုတ်ပြန်လိုက်တဲ့ AI အဖွဲ့ရဲ့ အစီရင်ခံစာဟာ၊ မြန်မာအနေနဲ့ ရခိုင်ပြဿနာအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ခွင့်ပြုဖို့ တွန်းအားတရပ် ဖြစ်သင့်ပါတယ်၊ လူသားချင်းစာနာကူညီရေးအဖွဲ့တွေ၊ သုတေသီတွေနဲ့ သတင်းထောက်တွေကို ဝင်ခွင့်မပြုနိုင် ဘဲဖြစ်နေရင်၊ နိုင်ငံတကာအမြင်မှာ ယုံကြည်မှုကင်းမဲ့စရာ ဆက်ဖြစ်နေဦးမှာပါလို့ ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org