တစ်လကြာ အပစ်အခတ်ရပ်စဲထားမှာဖြစ်ကြောင်း အာဆာအဖွဲ့ ကြေညာ

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အာဆာ ARSA အဖွဲ့က ဒီကနေ့ တနင်္ဂနွေနေ့ကစလို့ တစ်လကြာ တဖက်သတ် အပစ်အခတ်ရပ်စဲထားမှာဖြစ်ကြောင်း ကြေညာချက် တစ်ရပ် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

Arakan Rohingya Salvation Army (ARSA) အဖွဲ့မှ အစွန်းရောက် အကြမ်းဖက်သမားတွေကို တွေ့ရစဉ် Photo: Arakan Rohingya Salvation Army/ Facebook

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အာဆာ ARSA အဖွဲ့က ဒီကနေ့ တနင်္ဂနွေနေ့ ကစလို့ တစ်လကြာ တဖက်သတ် အပစ်အခတ်ရပ်စဲထားမှာဖြစ်ကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြော ကြားလိုက်ပါတယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လုပ်ငန်းပြန်စနိုင်အောင် အခုလို တစ်လကြာ ယာယီအပစ်ရပ် ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ သူတို့နိုင်ငံထဲကို မြန်မာဘက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် သုံးသိန်း နီးပါးရှိနေပြီလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အဖွဲ့က ပြောပါတယ်။ ရိုဟင်ဂျာအရေး လှုပ်ရှားနေတဲ့ အာရကန်ပရောဂျက်အဖွဲ့ခေါင်းဆောင် ခရစ်လီဟွာကလည်း နောက်ထပ် ရိုဟင်ဂျာကျေးရွာ အများအပြား မီးရှို့ခံရတယ်လို့ပြောကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရ အရာရှိတစ်ဦးရဲ့အဆိုအရ ဘင်္ဂလားဒေ့ရှ်အခြေစိုက် မွတ်ဆလင်အစွန်းရောက် စစ်သွေး ကြွတွေအနေနဲ့ အခုထွက်ပြေးရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို တပ်သားသစ်စုဆောင်းရေး ကြိုးပမ်းမှုတွေကို အနီးကပ်စောင့်ကြည့်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တပ်လှန့်နှိုးဆော်ထားတယ်လို့ ပြောပါတယ်။ ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်အခြေစိုက် စစ်သွေးကြွအုပ်စုတွေအနေနဲ့ ရိုဟင်ဂျာ အခွင့်အရေးအတွက်ဆိုပြီး နိုင်ငံတဝှမ်းက ထောင်နဲ့ချီတဲ့ အစ္စလာမ် ဘာသာရေးကျောင်းတွေကနေ တပ်သားသစ်အဖြစ် စုဆောင်းမှာကို အထူးစိုးရိမ် ပူပန်နေကြောင်း အရာရှိတွေက ပြောပါတယ်။

ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကတော့ ရခိုင်ပြည်နယ်မှာ ကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ ပြောပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့တွေ လုပ်ငန်းရပ်ဆိုင်းထားပြီးနောက်ပိုင်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကို ကူညီဆောင်ရွက်ပေးဖို့ အစိုးရက ကမ်းလှမ်းဖိတ်ခေါ်ခဲ့တာ ဖြစ်တယ်လို့ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်း အရာရှိတစ်ဦးက ပြောပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေဟာ နှိပ်စက်၊ မုဒိန်းကျင့်၊ သတ်ဖြတ်ခံရမှုတွေအပါအဝင် အကြမ်းဖက်မှုတွေကို အစီအစဉ်ရှိရှိ ကျူးလွန်ခံနေရတယ်လို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြောကြား လိုက်ပါတယ်။

ကုန်တင်လေယာဉ်နှစ်စင်းနဲ့ အစားအသောက်ဆေးဝါးတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းမြို့ကို တင်ပို့နေတဲ့ ကွာလာလာမ်ပူမြို့အနီး ဆူဘန်းလေတပ်အခြေစိုက်စခန်းမှာ ဝန်ကြီးချုပ် နာဂျစ်က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

လေယာဉ်နှစ်စင်းနဲ့ ဘီစကွက်မုန့်တွေ၊ ဆန်နဲ့ ဆပ်ပြာတွေ ပို့ဆောင်ပေးသွားမှာဖြစ်ပြီး၊ သံတမန်တွေ၊ စစ်တပ်အရာရှိတွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့လည်း တနင်္လာနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို သွားရောက်မယ်လို့ ဆိုပါတယ်။ မလေးရှားစစ်တပ်အကြီးအကဲကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ခွင့်ပြုရင် ကုတင် ၂၀၀ စစ်မြေပြင် ဆေးရုံတစ်ခု ကူညီပေးသွားမယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မှာ မြန်မာစစ်တပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့အတွက် ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေအတွက် ခြိမ်းခြောက်မှုဖြစ်နေပြီး၊ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြေမြှုပ်မိုင်းနင်းမိလို့ အရပ်သား ၃ ဦး ဒဏ်ရာရပြီး၊ ၁ ဦးသေဆုံးကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ဖြန့်ဝေထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org