ARSA ကို နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ဖျက်ဖို့ အဆိုတည်ပြု
ARSA အကြမ်းဖက်အဖွဲ့အပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အညီ နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး ထိရောက်စွာပူးပေါင်း ဖော်ထုတ်တိုက်ဖျက်ပြီး လုံလောက်တဲ့ကာကွယ် မှုတွေပေးဖို့ အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
-
2018-06-15 -
-
-
ARSA အကြမ်းဖက်အဖွဲ့အပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အညီ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ထိရောက်စွာပူးပေါင်း ဖော်ထုတ်တိုက်ဖျက်ပြီး လုံလောက်တဲ့ကာကွယ်မှုတွေပေးဖို့ အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်မံမဖြစ်စေဖို့ ရခိုင်ပြည်နယ်မှာ လုံလောက်တဲ့ ကာကွယ်မှုတွေ ပြုလုပ်ပေးဖို့လိုတယ်ဆိုပြီး ဦးသောင်းအေးက ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
ARSA အဖွဲ့ရဲ့ လုပ်ဆောင်ချက်၊ သတင်းထုတ်ပြန်ချက်နဲ့ မီဒီယာအားကို ထိရောက်စွာ အသုံးချနိုင်မှုအရ အကြမ်းဖက်တိုက်ခိုက်မှုတွေကို စနစ်တကျဆောင်ရွက်ပြီး နိုင်ငံတကာကို လူ့အခွင့်အရေး မျက်နှာဖုံး တပ်ပေးနိုင်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့ကြတယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။
အင်န်အယ်လ်ဒီပါတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က လက်ရှိတည်ဆဲဥပဒေတွေက လူ့အခွင့်အရေး အကြောင်းပြချက်ကြောင့် ဘယ်အကြမ်းဖက်မှုမျိုးမဆို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
ဒါ့အပြင် စစ်ရေး၊ စီးပွားရေးအရ အင်အားနည်းပါးသေးတဲ့ မြန်မာနိုင်ငံအနေနဲ့ တရားဥပဒေအပေါ်မှာသာ ရပ်တည်ရမယ်လို့ ပြောပါတယ်။
ဒီအဆိုနဲ့ပတ်သတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက လွှတ်တော်မှာ လာရောက်ရှင်းလင်းဖြေကြားခဲ့ပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ခံယူမယ်လို့ ပြောပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က အဲဒီအဆိုကို လွှတ်တော်က သဘောတူ၊ မတူမေးမြန်းရာ ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး တင်သွင်းတဲ့အဆိုကို တပ်မတော်သားကိုယ်စားလှယ် ၄ ဦးအပါအဝင် ကိုယ်စားလှယ် ၁၈ ဦးက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။